မော်နီတာအကြောင်းကိုအချစ်ဦး post ရေးပြီးတော့ စျာန်ဝင်သွားပြီး နောက်ထပ်အပိုင်းတွေဆက်ရေးဖြစ်တယ် ရဲရိပ်သာစူပါဝမ်းလည်းရေးပြီးရော MK နဲ့ KL က အကြောင်းလည်းရေးမယ်ဆိုပြီး စထားလိုက်တာ နှစ်ချီကြာသွားပါလေရောဗျာ။
ကျောင်းမှာ MK အကြောင်းရေးနေရင်းနဲ့တောင် တခြား post တွေစရေးမိလိုက်တာ သူ့ရေးနေရင်းနဲ့ တခြား ၄ခုကို post တင်ပြီးသွားတယ် သူ့ကိုလက်စမသတ်နိုင်သေးဘူး ဆက်ရေးဖို့ feeling မလာတော့လို့ ဒီလကုန်အစသတ်မယ်ဆိုပြီး ကြိုးစားပန်းစားရေးနေရတယ်ဗျာ KL အကြောင်းတော့ စျာန်မဝင်သေးတော့ ၃၊၄လအတွင်းမရေးနိုင်သေးဘူးဗျာ
ရေးနေရင်းနဲ့ မနေ့ညကဖုန်းဘက်ထရီကဖောင်းသွားပြီး ပါဝါ၊ဗော်လွန်းခလုပ်တွေအကုန်လုံးက သုံးမရတော့ စာရေးတာကိုနားလိုက်ရပါတယ်ဗျာ။
KL ဇာတ်လမ်းကိုတော့ နောင်တစ်ခေါက်မှပဲ ရေးတော့မယ်ဗျာ အခု MK post တောင်မှ တော်တော်ပြန်စဥ်းစားယူရတယ် ၂၀၀၀၊၂၀၀၁ခုနှစ်ဆိုတော့ နှစ်နှစ်ဆယ်ကျော်ကြာနေပြီဗျာ အသည်းအသန်ကြိုက်ခဲ့တဲ့ ထိုင်းမော်ဒယ်လ်နာမည်ကိုတောင် နာမည်မပြောနဲ့ လူကိုတောင်မမှတ်မိတော့ဘူးဆိုတော့ ကျွန်တော်ကြိုက်တဲ့အဆင့်ကနေ သဘောကျတဲ့အဆင့်ကိုမရောက်ခဲ့တာနေမှာပါ
KL က အကြောင်းလည်းကိုလည်း စျာန်ဝင်အောင် ကြိုးစားပြီးဆက်ရေးပါအုန်းမယ်ဗျာ KL ကိုရောက်တာ ၂၀၀၈ခုနှစ်ဆိုတော့ မန်မိုရီကိုတော်တော်လေး ပြန်ခေါ်ရမှာတော့သေချာတယ်ဗျ
ရွှေဘုံသာစူပါဝမ်းမှာအလုပ်လုပ်နေတုန်း ကြေးမုံလားမြန်မာ့အလင်းလား မမှတ်မိတော့ဘူးဗျ ရန်ကင်းစင်တာ MK Branch မှာ တာဝန်ထမ်းဆောင်ဖို့ အလုပ်ခေါ်စာပါလာပါလေရော သူက လစာလည်းကောင်းတယ် facility အများကြီးပေးတယ်ဗျာ Ferry provide လည်းပါတယ် အဲ့ဒါနဲ့အဖေက MK မှာအလုပ်လျှောက်ဖို့ အကုန်လုံးပြင်ပေးပါလေရော
ကျွန်တော်အခုလိုစည်းနဲ့ကမ်းနဲ့ဖြစ်နေတာက အဘိုးရယ်အဖေရယ်စည်းကမ်းရှိတာရယ် ကျွန်တော် Virgo ဖြစ်တာရယ် လုပ်ငန်းခွင်မှာစည်းစနစ်ကျဖို့အတွက်သင်ကြားပေးခဲ့တဲ့ MK က မြန်မာ၊ထိုင်းဆရာ၊ဆရာမတွေရယ် ကန်တော်ကြီးဟိုတယ်သင်တန်းကျောင်းက ဆရာမကြီးဒေါ်သန်းနွဲ့ရယ် အာရုံဦးမှာတုန်းက Admin အပိုင်းသင်ပေးခဲ့တဲ့ ဆရာဦးမျိုးမြင့်/ဦးမြင့်အောင်ရယ် မိဘ၊ဆရာသမားတွေရဲ့ ကျေးဇူးကြောင့်ပါခင်ဗျာ။
ရန်ကင်းစင်တာမဖွင့်သေးခင် အင်တာဗျုးကို ရန်ကင်းစင်တာ MK ဖွင့်မယ့်နေရာက ပထမထပ်ရုံးခန်းမှာမေးတယ် ၂၀၀၀ခုနှစ်ဆိုတော့ ၁၉နှစ်တောင်မပြည့်သေးဘူး စူပါဝမ်းမှာအလုပ်ဝင်နေတာဆိုတော့ Sales အတွေ့အကြုံကရှိထားပြီးသား အင်တာဗျူးမှာတင် pass ဖြစ်တော့ အလုပ်ကရသွားပါလေရော
ကိုယ်ကြိုက်တဲ့ counter ရွေးခိုင်းတာ ကလေးသာသာအရွယ်ဆိုတော့ Men wear မရွေးဘဲ Baby wear ရွေးမိပါလေရော ဘဝကြီးကအဲ့ဒီကနေစမှားတာဗျ နောက်တာပါဗျာ အဖြူသပ်သပ်အချိန်ဆိုတော့ အဲ့ဒီ့အတိုင်းရွေးခဲ့မိတာကို အခုအချိန်ကျေနပ်မိပါတယ်ဗျာ
ကျွန်တော်က တောသားရဲဆွဲထုတ်ဗျ သူစိမ်းလူတွေကိုတကယ်ကိုကြောက်တယ် ဒါပေမယ့် မဖြစ်မနေမျက်နှာချင်းဆိုင်တွေ့ကြုံရပြီဆိုရင် ကြောက်တဲ့စိတ်ကိုဖုံးကွယ်ထားနိုင်တယ် အင်တာဗျူးဆိုရင်လည်းအဲ့လိုပဲဗျ မနက်ဖြန်အင်တာဗျူးဖြေရမယ်ဆိုရင် ကြောက်စိတ်နဲ့တစ်ညလုံးအိပ်မပျော်ဘူး
အင်တာဗျူးအခန်းရှေ့မှာစောင့်နေရရင် လူတစ်ကိုယ်လုံးအေးစက်နေပါလေရော အင်တာဗျူးအခန်းထဲရောက်သွားတာနဲ့ ကျွန်တော်မဟုတ်တဲ့အတိုင်းပဲ ကြောက်စိတ်ကိုဘေးဖယ်ထားနိုင်ပြီး အသေအချာဖြေပေးနိုင်ပါတယ် ဘုရားပေးတဲ့ဆုပေါ့ဗျာ
လူတွေကိုကြောက်တယ် လူတွေကြားရောက်သွားခဲ့ရင် ကျွန်တော်မဟုတ်သလိုမျက်နှာကချီနေတာပဲ အမှန်ကလူတွေကိုကြောက်လို့ဗျ တစ်ယောက်တည်းခရီးသွားရမှာကြောက်တယ် တစ်ယောက်တည်းသွားခဲ့ရတော့လည်း ကျွန်တော်ထင်သလောက် ကြောက်စရာမဟုတ်တာသိခဲ့ရတယ် တနေ့တော့ ခရီးထပ်သွားအုန်းပါမယ်
အသက်၄၀ကျော်နေပြီပဲ Bar မှာ ကျွန်တော်တစ်ယောက်တည်းသွား chill ချင်တယ် လူကြောက်တဲ့စိတ်ကြောင့် ဒီနေ့အထိတစ်ယောက်တည်း မသွားရဲသေးပါဘူးဗျာ အင်တာဗျူးကနေလမ်းလွဲသွားရပြန်ပါပြီ ဆက်မယ်ဗျာ
ရန်ကင်းစင်တာ MK မဖွင့်ခင်ညမှာ Counter တွေ Display ပြဖို့အတွက် တစ်ညလုံးဝန်ထမ်းတွေအကုန်လုံး ညဆိုင်းဆင်းရတယ်ဗျ Management ပိုင်း နဲ့ Super အစ်မတွေကလွဲရင် အထွေထွေမန်နေဂျာကစပြီး သန့်ရှင်းရေးအန်တီတွေအထိ အကုန်လုံးကဝန်ထမ်းအသစ်တွေဗျ မနက်ဖြန်ရန်ကင်းစင်တာဖွင့်ပွဲမှာ MK ကပါတပြိုင်နက်ဖွင့်ရမှာလေဗျာ
ဖွင့်ပွဲနေ့မှာကိုယ့်ကောင်တာလှတပတဖြစ်ဖို့အတွက် Super မသကြားလုံးရယ် ကျွန်တော်၊မီးဇာ၊ခိုင်သူ၊ဇာခြည်၊မခိုင်၊စန္ဒာ အကုန်လုံးအားတက်သရောလုပ်နေကြရတာ ညစာစားတော့ ည၁၂နာရီကျော်နေပြီ Display လုပ်ဖို့ ကျွန်တော်တို့ရထားတဲ့ MK ရုံးခန်းပြတင်းပေါက်နဲ့ ရန်ကင်းစင်တာစင်ဝင်ကတည့်တည့်ဆိုတော့ ဒံပေါက်ဘူးတွေကိုစင်ဝင်အပေါ်မှာ တဖွဲ့လုံးထိုင်စားခဲ့ရတယ်အချိန်တွေကို လွမ်းမိပါတယ်
ည၁၂နာရီကျော်ဆိုတော့ ဆရာစံလမ်းမကြီးက ကားသံတွေတိတ်ဆိတ်နေပြီးတော့ လူနေရပ်ကွက်မှာလည်းအိပ်မောကျနေပါပြီ မနက်ဖြန်ဖွင့်ပွဲအတွက်ပြင်ဆင်နေကျတဲ့ ရန်ကင်းစင်တာကဆိုင်ခန်းတွေစီကပဲ မီးရောင်တလက်လက်နဲ့ဝန်ထမ်းတွေပြင်ဆင်နေကြတာပါ
အပေါ်ထပ်ရုံးခန်းမှာပြင်ဆင်ပြီးတာနဲ့ ဆိုင်ခန်းဖွင့်လှစ်မယ့်မြေညီထပ်ကို လုံခြုံရေးဝန်ထမ်းတွေကပို့ပေးပါတယ် Baby Wear Counter လေး လှတပတဖြစ်ပြီဆိုတဲ့အချိန် မနက် ၂နာရီလောက်ကျမှ ရုံးခန်းအပေါ်ပြန်တက်ကျပြီး ပလပ်စတစ်အိတ်အခွံတွေကြားမှာ စုပြုံပြီးတိုးဝှေ့အိပ်ရတာလည်း ဘဝမှာတစ်ခါမျှမရဘူးခဲ့တဲ့အတွေ့အကြုံပါပဲ
မနက်၄နာရီပြန်ထကြပြီး အခန်းကိုသန့်ရှင်းရေးအမြန်လုပ် ရန်ကင်းစျေးအပေါ်ထပ်က ကွန်ဒိုမှာရေချိုးဖို့တန်းစီအလှပြင်ကြ မနက်၆နာရီမှာ ယူနီဖောင်းလှတပတလေးနဲ့ Counter ရောက်ကြပါပြီ စျာန်မဝင်တော့ဘူးဆိုပြီးရေးလိုက်တာ အတိတ်ကိုပြန်ရောက်သွားပြီး စာရှည်သွားတယ်ဗျ။
MK စဖွင့်တော့ လုံခြုံရေးဝန်ထမ်းတွေက တကယ့်ကိုအဆင်လေးတွေဗျာ လူချောတွေဆိုတော့ ကောင်မလေးတွေကသဘောကျကြပါတယ် ကျွန်တော်လည်းချောတယ်ဆိုတော့ သဘောကျမိပါတယ် ကြိုက်တဲ့အဆင့်အထိတော့မရောက်ဘူးပေါ့ဗျာ သူတို့လည်းအသီးသီးရည်းစားတွေရသွားကြတော့ တစ်ခန်းရပ်သွားရတာပေါ့ဗျာ
MK မှာ အင်ဂျင်နီယာလည်းရှိပါတယ် သူတို့နှစ်ယောက်မှာတစ်ယောက်ကအဆင်လေး တစ်ယောက်ကသဘောအရမ်းကောင်းပါတယ် သူတို့လည်းရည်းစားရသွားတော့ နောက်တစ်ခန်းရပ်ပေါ့ဗျာ
အဲ့ဒီ့အချိန်တုန်းက ဒေါ်နန်းသန်းထွေးက ကျွန်တော်တို့ Baby wear ရဲ့ Big Customer သူနဲ့အမြဲအတူတူပါလာတက်တဲ့ ရှမ်းကောင်လေးကကျွန်တော့်ကို Crush တယ် ဂျေဒိုးနပ်တွေဝယ်ပြီးလာပေးဘူးတယ် ကျွန်တော်ကဘာသာပဲနေခဲ့မိတယ် သူ့ဘက်ကတော့ကြီးကျယ်တယ်ထင်မှာပဲလေဗျာ
ရာထူးကြီးတဲ့သူ အာဏာရှိတဲ့သူ ပိုက်ဆံအရှိန်အဝါကြီးတဲ့သူဆိုရင် ကျွန်တော်ကလမ်းမှာတွေတဲ့သူစိမ်းလူတွေလိုမျိုး ကျွန်တော့်ဘာသာဘာသိသာနေတက်ပါတယ် သူ့တို့စီကနေတခုခုလိုချင်လို့ ချဥ်းကပ်တယ်ဆိုတဲ့အထင်အမြင်ကို တစ်စက်လေးမျှကိုမကြိုက်ပါဘူး ( ဘဝတစ်လျှောက်လုံးမှာ ချွင်းချက်အနေနဲ့ လူတစ်ယောက်ရှိခဲ့ဘူးပါတယ် တကယ်ကိုလိုအပ်နေလို့ ကျွန်တော့်ဘက်ကနေ အကူအညီနှစ်ခါတောင်းခဲ့မိပါတယ် ရတီ့ကိစ္စနဲ့မမကိစ္စပေါ့ဗျာ )
AHA စီကနေလက်ဆောင်တွေရဘူးတယ် ဆေးရုံကြီးကအစ်ကိုစီကနေ သူနိုင်ငံခြားပညာတော်သင်သွားရတော့ ရေမွှေးလိုချင်တယ်ပြောလိုက်တော့ ရေမွှေးလက်ဆောင်ရဘူးတယ် သူစိမ်းယောင်္ကျားနှစ်ယောက်စီကရခဲ့ဘူးတာပါ။
Sales အတော်တော်များများ ဒေါ်နန်းသန်းထွေးစီမှာအလုပ်တောင်းကျပေမယ့် ကျွန်တော်မတောင်းခဲ့မိပါဘူး အခွင့်အလမ်းဆိုတာကိုဖမ်းဆုပ်ထားရမယ်ဆိုတာကို အခုအချိန်အထိကျွန်တော်လက်ခံမထားဘူးဗျ တုံးအတယ်ပဲပြောပြော ကျွန်တော်ကသူများတဖက်သားစီက အလကားဆိုတာကိုမလိုချင်ဘူးဗျ မိန်းမမပီသတဲ့မိန်းမဖြစ်နေမိတာကိုဗျာ ကျွန်တော်ကလူတိုင်းကိုကျွန်တော့်ပုံစံအမှန်ကိုပဲ ချပြပေးတက်တဲ့သူပါ။
အဲ့လိုတွေချေမိုးနေလို့လည်း အချိန်အခါမလင့်ခင်တည်းက ယောကျ်ားမရခဲ့တာပါဗျ။ 🥺
အဲ့လိုနေရင်း Renovation တွေလုပ်တော့ ထိုင်းကအလုပ်သမားတွေလာပါရော MK ပိုင်ရှင်သူဌေးကရှမ်းတရုပ်လူမျိုး သူ့အမျိုးသမီးကထိုင်းလူမျိုးပါ အဲ့ဒီကထိုင်းဝန်ထမ်းတစ်ယောက်ကို ကျွန်တော်က crush မိရော သူငယ်ချင်းမ မီးဇာကအောင်သွယ်ပေးရင်းနဲ့ သူနဲ့ရည်းစားဖြစ်သွားပါလေရော သူကကျွန်တော်တို့ Group မှာ အချောဆုံးအသွက်ဆုံး ကျွန်တော့်ထက်တစ်လငယ်တယ် မြိတ်မှာမွေးရန်ကုန်မှာကြီးတဲ့ကောင်မလေး ကျွန်တော့်ကိုလည်းအရမ်းချစ်တယ် တစ်ခုခုမကျေနပ်လို့ ကျွန်တော့်နာမည်အပြည့်အစုံခေါ်ပြီဆိုရင် သူစိတ်ဆိုးနေပြီ
အဲ့ကလေးလည်းအသက်မရှည်ရှာပါဘူး သူသဘောကျတဲ့သူနဲ့အိမ်ထောင်ကျလို့ ၂၀၀၃ခုနှစ်မှာ MK ကနေအလုပ်ထွက်သွားပြီး ၂၀၀၇ခုနှစ်မှာ ကင်ဆာဖြစ်ပြီးဆုံးပါးသွားရတာပါ သူကင်ဆာဖြစ်နေတာမသိလိုက်ရဘူး ကျွန်တော်စင်ကာပူကနေအလုပ်အဆင်မပြေလို့ ပြန်လာတဲ့အချိန်မှာသူ့နာရေးတွေ့လိုက်ရတာ သူ့အသက်မမီလိုက်ပါဘူး ရေဝေးမှာတွေ့လိုက်ရတဲ့ သူ့ပုံစံကိုမြင်ပြီး အဲ့ဒီအချိန်မှာသံဝေဂရမိပါတယ် အရင်ကပုံစံနဲ့ ရေဝေးခန်းမမှာသူလှဲလောင်းနေတဲ့ပုံစံက လူနှစ်ယောက်လိုပဲဗျာ
အဲ့ဒီ့ထိုင်းပြီးတော့ MK ပိုင်ရှင်ရဲ့တူမ တာဝန်ခံဒါရိုက်တာနီကျဲ သူဌေးမကိုကျွန်တော်တို့ခေါ်တဲ့နာမည်ပါ ထိုင်းကမော်ဒယ်တွေခေါ်ပြီး ရှိုးလုပ်တယ်ဗျာ သူ့တို့ရီဟာဇယ်လုပ်တာက ရုံးခန်းမှာဆိုတော့ရုံးခန်းကိုစာရင်းကိစ္စနဲ့သွားတော့ တွေ့ရပြီး crush မိပြန်ရော ဆိုင်ထဲမှာ ရှိုးစမ်းလျှောက်တော့မိတ်ဆက်မိပါတယ် သူ့အီးမေးလ်ကိုပေးပေးတယ် ၂၀၀၁ ၂၀၀၂ က မေးလ်ဆိုတာဘာမှန်းမသိသေးဘူးလေဗျာ ၂၀၀၅ ကျမှ မေးလ်စသုံးတက်ပြီး chatting ထိုင်တက်တာ ဒါပေမယ့်အိမ်မှာဘရော့ဘန်မရှိတော့ အမြဲမသုံးဖြစ်ပါဘူးဗျာ
ထိုင်းမော်ဒယ်လ်ကထိုင်းလိုပြော ကျွန်တော်က E လိုပြောနဲ့ counter မှာ Q မိနေတာ ည၉နာရီအလုပ်ပြန်တဲ့အချိန် ဖယ်ရီပေါ်မှာလူစုံအောင်စောင့်နေတုန်း ထိုင်းမော်ဒယ်နဲ့မြန်မာတစ်ယောက်လာကြိုပါလေရော ဖယ်ရီပေါ်ကကိုယ့်ထိုင်ခုံမှာ ခပ်တည်တည်ထိုင်နေလိုက်တယ် စိတ်ထဲမှာတော့ဗုဒ္ဓေါ၊မြတ်စွာဘုရားကယ်တော်မူပါဆိုပြီး ဘုရားတနေရတယ်ဗျာ တော်သေးတယ်ပါလာတဲ့သူကလည်း မြန်မာကားချားကိုနားလည်တာနဲ့ ထိုင်းမော်ဒယ်လ်ကိုယ်တိုင်ကလည်းအတင့်မရဲတာနဲ့ ပြဿနာအကြီးကြီးမတက်တာဗျ အိမ်ရောက်တော့မမကိုပြောပြတော့ အဆူခံထိပါလေရောဗျာ။
ရေးဖို့အများကြီးမကျန်တော့ပေမယ့် ဖုန်းပျက်သွားလို့ ဒီနေရာမှာပဲရပ်လိုက်ပါတယ်ဗျာ ဖုန်းဝယ်ပြီးရင်တော့ ဘုရားလမ်းကိုအိမ်ပြောင်းသွားတော့ ကကားမှတ်တိုင်မှာဆုံပြီး ရည်းစားမဖြစ်လိုက်တဲ့ ကျန်တဲ့တစ်ယောက်အကြောင်း ဆက်ရေးပေးပါမယ်ဗျာ။

No comments:
Post a Comment