အညံ့တွေပြီးဆုံးပါစေ။
တစ်ညလုံးအိပ်မရအောင် ဆက်တိုက်ဆိုးနေတဲ့ချောင်းရယ် ၂၈ရက်နေ့တစ်ခါအချိန်မှန်လွန်းတဲ့ ရာသီစက်ဝန်းရယ်က လူကိုအတော်လေးကသိကအောက်ဖြစ်စေပါတယ်
၂၂ရက်နေ့ညကစပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ခဲ့ရတာဆိုရင် ၂၅ရက်နေ့ညတစ်ညသာရှိပါသေးတယ် ဘုရားစာတွေတစ်ညလုံးဖွင့်ထားပြီး အိပ်စက်နိုင်ဖို့အားထုတ်ပေမယ့် ကြိုးစားမှုကအချီးအနှီးဖြစ်ရပြန်တယ်
မနက်၆နာရီနှိုးစက်သံက မိုးလင်းကြောင်းကြေညာနေပါပြီ ချောင်းဆိုးလိုက်တိုင်းဝမ်းပြင်တစ်ခုလုံးစူးပြီးနာကျင်မှုက ဝေဒနာကိုမခံစားနိုင်တော့ပါဘူး ဆရာဝန်မကြီးဖုန်းဆက်ဖို့အတွက် မနက်၈နာရီကိုစောင့်မျှော်နေရပါတယ်
ချောင်းဆိုးတာများတဲ့အတွက် ဝမ်းဗိုက်ကြွက်သားတွေအလုပ်လုပ်ရတဲ့ဒဏ်ပါ သူ့ဆေးညွှန်းအတိုင်းသောက်ပေးဖို့ညွှန်ကြားတဲ့အတွက် အဆုပ်လေပြွန်အရောင်ကျဆေးတစ်မျိုးတည်း ၆လုံးကိုပြန်မအန်မိအောင်သောက်ရပါတယ် ကျန်တဲ့ဆေး၈လုံးကိုတော့အချိန်ခြားပြီးသောက်ရပြန်တယ်
၂နာရီလောက်အကြာမှာ အသက်ရှုကြပ်တဲ့နှုန်းကအတော်လေးကျဆင်းလာပါတယ် ချွေးဒီးဒီးထွက်ပြီးအဝတ်လဲရပြန်တယ် ချောင်းဆိုးတိုင်းဝမ်းဗိုက်တပြင်လုံးနာကျင်မှုကတော့ မရပ်တန့်သွားပါဘူး
ရန်ကုန်မိုးကလည်း သည်းကြီးမည်းကြီးရွာသွန်းနေတော့ အပေါ့အပါးသွားတဲ့အချိန်ကလွဲရင် အခန်းအပြင်ကိုလုံးလုံးမထွက်ရဲပါဘူး အအေးအရှိန်ကြောင့်ချောင်းဆိုးမယ့်ဒဏ်ကို မခံစားနိုင်တော့ပါဘူးဗျာ
ည၆နာရီခွဲဆေးခန်းသွားမယ့်အချိန်မှာ မိုးလေးစဲသွားလို့ ကျေးဇူးတင်ရပြန်တယ် ဆရာဝန်မကြီးကအလုံဆေးခန်းကနေလာရမှာဖြစ်လို့ ၁နာရီကျော်စောင့်နေရတယ် ရောက်ရောက်ချင်းပဲအားနာလိုက်တာ ရေကြီးပြီးကားတွေပိတ်နေလို့ အချိန်ကြာသွားရတာပါ သူ့ခမျာရှင်းပြပေးတဲ့ စောင့်ရတဲ့သူတောင်တကယ်ကိုပြန်အားနာနေမိတယ်
သွေးအဖြေရလဒ်ကိုကြည့်ပေးပြီး ဆေးရုံတက်ခိုင်းပြီး အဆုပ်လေပြွန်ရောင်တာအတွက် ပိုးသတ်ဆေးမသွင်းခိုင်းတော့ပါဘူး သောက်ဆေးနဲ့ရှုဆေးနှစ်မျိုးပေးပြီး ဆေးညွှန်းအတိုင်းသေချာသောက်ပေးပါ ၅ရက်စောင့်ကြည့်ပါမယ်
အတိအကျမလိုက်နာရင် နာတာရှည်ပန်းနာရင်ကြပ်ရောဂါရနိုင်ပါတယ် ၅ရက်အတွင်းအဆုပ်လေပြွန်ပြန်ရောင်ပြီး အသက်ရှုကြပ်တာဖြစ်မှာစိုးရိမ်ရလို့ အိမ်မှာပဲအနားယူရပါမယ်
အဆုပ်ကိုစမ်းသပ်ကြည့်တော့လည်း မနေကထက်၆၀% အလုပ်လုပ်လာတာတွေ့ရလို့ အများကြီးတိုးတက်လာပါတယ်ပြောပါတယ် လူနာတစ်ယောက်တည်းရှိတဲ့ဆေးခန်းကိုတကူးတကလာပေးပြီး သေသေချာချာလေးကုသပေးတဲ့အတွက် ဆရာဝန်မကြီးကိုတကယ်ကိုကျေးဇူးအများကြီးတင်မိပါတယ်
လူနာတိုင်းအပေါ်စေတနာ၊မေတ္တာ၊ဂရုဏာအပြည့်နဲ့ ကုသပေးနေတာဖြစ်လို့ ကျွန်တော်ကတော့ ဒီအိမ်မှာနေသရွေ့ကတော့အပရိကနေမကောင်းတာမဟုတ်ရင် ဆရာဝန်မကြီးနဲ့ပဲ ကုသတော့မှာပါ
တစ်ညလုံးဘုရားစာတွေ နာကြားရတဲ့ကျေးဇူးကြောင့်လည်း ရောဂါမပြင်းထန်ဘဲ ဆေးရုံမတက်ဖြစ်ရတာလို့လည်း ယုံကြည်မိပါတယ်။
လူတွေကမွေးနေ့စုံဂဏန်းကျတဲ့နှစ်မှာ အညံ့ဆိုးတွေကြုံတွေ့ရတက်တယ် ကြားခဲ့ဘူးတော့ ဒီတပတ်စာအညံ့နဲ့တင်အရာအားလုံး ပြီးဆုံးသွားပါစေလို့ ကျွန်တော်ဆုတောင်းမိပါတယ်။
🙏🙏🙏
ဆော်ဒီမနက်ခင်းနှင့် အသက်ရှုကြပ်ခြင်း။
မနက်မနက် အလုပ်သွားရဖို့ ၁နာရီကျော်ခရီးကားစီးရတဲ့အချိန်မှာ ၁နာရီနီးပါးက ပူပြင်းလွန်းလှတဲ့ဆော်ဒီနိုင်ငံရောက်သွားရသလိုပါပဲ
ထောက်ကြန့်ကနေမော်တင်အထိ ၅မိနစ်ခြားတစ်စီးပြေးဆွဲနေတဲ့ ၃၅ဘက်စ်ကားကို အပေါက်ဝကနေလိုက်မစီးရရင်တောင် အဲ့ဒီနေ့ကားချောင်တယ်လိုဆိုရမှာပါ
အဆင်မသင့်တဲ့နေ့ကျရင်တော့ မှန်တံခါးဖွင့်လို့မရဘဲ လက်တဖွားသာသာဆလိုက်အသေးလေသာ ဖွင့်လို့ရတဲ့နေနဲ့ကြုံရရင် အရှင်လပ်လပ်ငရဲဘုံရောက်ရပြန်တာပါပဲ အခန့်မသင့်ရင်ချွေးထွက်လွန်ပြီးမူးလဲကျပါတယ် ဖုန်းအနှိုက်ခံရတဲ့နေ့တွေလည်း ကြုံရပါတယ်
လူကြပ်လွန်းလို့ ခြေဖဝါးနှစ်ခုကျယ်ကျယ်မချနိုင်တဲ့ကားကြမ်းပြင်ပေါ်မှာ ယိမ်းထိုးနေတဲ့ကားပေါ်မှာ ထမင်းဘူးခြင်းတဖက်ကိုကိုင်ပြီး ခါးပိုက်နှိုက်ခံရမှာစိုးလို့ပိုက်ဆံအိတ်ကိုဖိထားပြီး ခေါင်းပေါ်ကတလံအကွာမှာရှိတဲ့တန်းကိုကိုင်စီးရတာက ၃၅ပေါ်ကစူပါဝန်းမန်းဘဝတွေပါ
ကံကောင်းလို့ထိုင်ခုံဘေးရောက်ခဲ့ရင်တောင် ကိုယ့်လိုဘဝတူဝန်ထမ်းတွေကလွဲရင် ခြင်းတောင်းမကိုင်ပေးတဲ့လူတွေလည်းကြုံခဲ့ရပါတယ်
ကားပေါ်မှာရေချွေးထားသလို ချွေးသီးသီးထွက်တဲ့ ဒုက္ခမခံနိုင်လို့ နောက်နေ့မှန်တံခါးဖွင့်လို့ရတဲ့ကားစီးမယ်လို့ ဆုံးဖြတ်ထားပေမယ့် ၃၅ဘက်စ်ကားဆိုက်တာနဲ့ မှန်အသေအရှင်မကြည့်အားပဲ နေ့တဒူဝတိုးခွေ့စီးရပြန်ပါတယ်
ဘာလို့နိဒါန်းကိုချီနေရလည်းဆိုရင် အသက်ရှုကြပ်ပြီးဗန်တိုလင်ရှုရတဲ့ဒုက္ခနဲ့ မနက်ဖြန်ညနေသွေးအဖြေရလဒ်မကောင်းရင် ဆေးရုံတက်ရမယ့်လှလှကတွေ့ရပါတော့မယ်
၂၂ရက်နေ့ ၈မိုင်မရောက်ခင်တည်းက ပိတ်လိုက်တဲ့ကားတန်းက ၅မိနစ်ကိုကိုက်၁၀၀ပဲရွေ့နိုင်ပါတယ် မျက်နှာပေါ်ကကျလာတဲ့ချွေးစက်တွေက ပါးစပ်ထဲအထိတောင်စီးဝင်လာပါတယ် ကိုယ်လုံးမှာထွက်တဲ့ချွေးတွေကလည်း တဒီးဒီးကျနေတော့ခရီးသည်တွေရဲ့ မေတ္တာပို့သံတွေကညံနေပါပြီ မှန်အသေကားကိုအဲကွန်းမဖွင့်ပေးနိုင် ဖန်တော့ဖွင့်ပေးပါလား ဖန်မဖွင့်ပေးနိုင်ရင်တောင် နောက်တံခါးဖွင့်ပေးထားပါလား လူတွေမူးလဲပြီးသေကုန်တော့မယ်
သူကောင်းသားကတော့ တေမိမင်းထုံးနှလုံးမူပြီး တုပ်တုပ်မျှမလှုပ်ပါဘူး ကိုယ်တွေလည်းလမ်းအမြန်ပွင့်ပြီးလိုရာခရီးမြန်မြန်ရောက်ပါစေပဲ ဆုတောင်းနေရပါတယ် ဆုတောင်းမပြည့်ပါဘူး ၅မိနစ်ကိုက်၁၀၀ခရီးက ဟယ်ပင်မှတ်တိုင်အထိချီတက်သွားရတဲ့အတွက် မြေနီကုန်းအထိကိုအရှင်လပ်လပ်ယောယုဝကို၁နာရီကျော်အလည်ရောက်သွားရတာပါ
အဲ့ဒီအကျိုးဆက်ကြောင့် ကျောင်းရတော့ ချွေးတွေစိုနေတာကို အဲကွန်းလေနဲ့သလပ်ခံပြီး ၁၀မိနစ်ကျော်မှာရေခဲချောင်းစားမိလိုက်ပါတယ် အဲ့ဒီ့ဆိုးကျိုးကတနေ့လုံးဆိုင်းမပြဘဲ ည၆နာရီကျော် ၃၅ဘက်စ်ကားစီးတဲ့အချိန်မှာစတင်ပါတော့တယ် လမ်းခရီးမှာဘုရားစာအသံတိတ်ရွတ်တဲ့အကျင့်ရှိတာကို အရဟံဂုဏ်တော်တောင်မရွတ်နိုင်လောက်အောင် လည်ချောင်းကနာကျင်နေပါတယ် ဝေဒနာခံစားနေရတော့ ကားကြပ်တာကိုလည်းသတိမမူနိုင် ခါးပိုက်နှုက်ခံရမှာကိုလည်းသတိမမူနိုင်ဘဲ အိမ်ရောက်ချင်ဇောသာများနေရတာပါ
အိမ်ရောက်ဆေးသောက် အဝတ်အစားလဲပြီးအိပ်လိုက်တာ ၂၃ရက်နေ့မှာအတော်လေးသက်သာသွားတယ် ၂၄ရက်နေ့လည်းသက်သာနေတော့ ပေါ့ဆပြီးခေါင်းလျှော်ရေချိုးလိုက်တာ ၂၄ရက်နေ့တညလုံးချောင်းဆိုးပြီးအိပ်မရတာနဲ့ ၂၅ရက်နေ့အထူးကုဆေးခန်းပြရပြန်တယ်
MO ဆရာဝန်မလေးဆေးထိုးပေးလိုက်တဲ့အရှိန်နဲ့ သက်သာသွားပြီး ၂၅ရက်နေ့အေးအေးဆေးဆေးအိပ်စက်ရပါတယ် ၂၆ရက်နေ့ ဆော်ဒီမနက်ခင်းကိုရင်ဆိုင်ရပြန်တယ် ကံမကောင်းတော့ ၂၆ရက်နေ့ညလည်းကားပိတ်ပြီး မြေနီကုန်းကနေ၈မိုင်မှတ်တိုင်ကျော်အထိ ဆော်ဒီညနေခင်းကို ၂နာရီနီးပါးဖြတ်သန်းလိုက်ရတော့ ၂၆ရက်နေ့တညလုံး ချောင်းပြန်ဆိုးတယ်
၂၇ရက်နေ့မနက်မှာ ဆေးပတ်လည်အောင်သောက်နေတာတောင် အသက်ရှုမဝတော့ဘူး ဗန်တိုလင်အဆင်သင့်ရှိတာနဲ့ ရှုကြည့်တော့လည်းသိပ်မသက်သာဘူး ဆရာဝန်မကြီးကိုချိတ်ဆက်ကြည့်တော့ ဆေးရုံကနေည၆နာရီခွဲရောက်ပါမယ်ဆိုလို့ မိုးအတိတ်မှာဆေးခန်းပြေးရတယ်
MO ဆရာဝန်မလေးပေးထားတဲ့ဆေးတွေက အဆင်ပြေပါတယ်ရှင်းပြပြီး အသက်ရှုကြပ်တာအတွက်အဆုပ်ကိုစမ်းသတ်တော့ အဆုပ်၆ခန်းလုံးလေပြွန်ရောင်နေပြီ အောက်ဆီဂျင်မကျတော့ ဆေးထိုးပေးမယ် ဆေးရှုရမယ် သွေးအဖြေ၂ခုစစ်ရမယ်
မနက်ဖြန်ညနေပြန်ပြပြီး သွေးအဖြေမကောင်းရင်ဆေးရုံတက်ရမယ် ဒီလောက်အထိဖြစ်နေတာ အသက်ရှုမကြပ်ဘူးလားတဲ့ အသက်ရှုမဝဘူးဆရာမလို့ အခုတောင်နည်းနည်းသက်သာတာ မနက်ကဆိုရင်ရင်ဘက်မှာ တစ်ခုခုစို့နေသလိုဖြစ်နေတာ
မိုးကလည်းသည်းနေတော့ ဆေးခန်းမှာခဏနားပြီး မိုးခဏတာအရပ်မှာ အိမ်ကိုပြန်လာရတယ် မက်တော့တပ်ထားလိုက်တယ် အသက်ရှုလို့မဝပေမယ့်ကိုယ့်ကြောင့်မိသားစုဝင်တွေ ရောဂါမရစေချင်ဘူးလေ
အိမ်ကတော့ပြောရှာပါတယ် ပိုက်ဆံရှိတာပဲကုလို့ရတယ်တဲ့ အခုလောလောဆယ်တောင် ကိုယ်မရှာပေးနိုင်ခင် ၂သိန်းကျော်ဆိုတဲ့ပိုက်ဆံကကုန်သွားရပြီလေ
မနက်ဖြန်ညနေ သွေးအဖြေရလဒ်ကောင်းပါစေလို့ပဲ ဆုတောင်းမိပါတယ်။
Let the past.
၈ရက်နေ့တည်းက ကျွန်တော်ဒီ post ကို စရေးထားတာပါ နောက်နှစ်ဒီအချိန်လောက်ဆိုရင် ကျွန်တော်ချစ်ရတဲ့သူ တစ်ယောက်ယောက် ဒါမှမဟုတ် ကျွန်တော့်ကိုချစ်မည့်သူ တစ်ယောက်ယောက် တွေ့ရှိနိုင်မယ်လို့ပဲမျှော်လင့်ထားပါတယ်။
အနည်ထိုင်သွားတာလည်းမဟုတ်ပါဘူး အသားကျသွားတာလည်းမဟုတ်ပါဘူး ခင်ဗျားလည်းပြန်မလာတော့ဘူးဆိုတာ ကျွန်တော်သိထားပါတယ် ကျွန်တော်လည်း လေးနှစ်တာကာလမှာ အကြောင်းပြချက်တစ်ခုမျှမဆိုဘဲ ကျွန်တော့်ကိုမျက်ရည်ခဏခဏကျစေခဲ့တဲ့ ယောင်္ကျားတစ်ယောက်ကို ဒီထက်ပိုပြီးတော့မစောင့်မျှော်တော့ပါဘူး။
ဒါကြောင့်မို့ ဒီ post က အတိတ်ကိုလွမ်းယုံသပ်သပ်တစ်ခုနဲ့သာ ကျွန်တော်ရေးသားဖြစ်တာပါ အနည်မထိုင်သေးတဲ့အချိန်မှာ ဒဏ်ရာသက်သာစေဖို့အတွက် အတိတ်ကိုတော့ ကျွန်တော့်ကိုကျွန်တော် လွမ်းခွင့်ပြုပေးထားပါတယ်ဗျာ။
၂၀၂၁ခုနှစ် မေလ ၁၈ရက်နေ့ ၁မိနစ်၅၅စက္ကန့် live လေးတစ်ခုက ကျွန်တော့်ဘဝကိုပြောင်းလဲသွားစေခဲ့ပါတယ် အဲ့ဒီအချိန်ကအစပျိုးခဲ့တဲ့ တဖက်သက်ချည်နှောင်မိတဲ့ကြိုးဟာ တကယ်ကိုနာကျင်စေခဲ့လွန်းလို့ ဘယ်နှစ်ကြိမ်မြောက်များကျွန်တော်လွှတ်ချခဲ့မိမှန်းကို မမှတ်မိနိုင်တော့ပါဘူး
တဖက်သက်ဆွဲထားရတဲ့ကြိုးဖြစ်တော့ အစတည်းကပြေလျော့နေရတာပါ အဲ့ဒါကိုပဲ အဖန်ဖန်တလဲလဲ နှောင်ဖွဲ့မိတဲ့ ကျွန်တော်သာအပြစ်ရှိသူပါ
ယောင်္ကျားတစ်ယောက်ကို နှစ်နှစ်ကာကာချစ်မိလို့ နာကျင်ရတဲ့အချိန်တိုင်း ငါ့မေတ္တာကမစင်ကြယ်လို့သာဆိုပြီး ကျွန်တော့်ဘာသာပဲ အပြစ်တင်ခဲ့မိပါတယ်
မေတ္တာဆိုတာ အသွားအပြန်ရှိတက်တာဖြစ်လို့ ကျွန်တော့်မေတ္တာသာဖြူစင်ခဲ့လျင် ရေကန်ကြီးလောက်ချစ်ပေးခဲ့ရတာအတွက် ရေအိုးလောက်ပမာဏတော့ ပြန်အချစ်ခံရမယ်ထင်ပါတယ်ဗျာ
ခင်ဗျားလည်းပြန်မလာတော့သလို ကျွန်တော်လည်းမစောင့်စားတော့ပါဘူး စိတ်ကလေးသက်သာဖို့အတွက် ရေးနေတာဖြစ်လို့ ကျွန်တော့်စာတွေက အနည်မထိုင်ခြင်း အသားမကျခြင်း အနာမကျက်သေးခင်အချိန်အထိတော့ အတိတ်မှာပဲရှိနေအုန်းမှာပါဗျာ
တနေ့တော့ နေသာနေတဲ့ကောင်းကင်ပြာကြီးကို မော့ကြည့်ပြီးတော့ ခင်ဗျားလည်းအဆင်ပြေပါစေ ကျွန်တော်လည်းအဆင်ပြေပါတယ်ဆိုတာကို နှောင်ဖွဲ့ခြင်းကင်းမဲ့တဲ့ ဖက်တွယ်ခြင်းကင်းမဲ့တဲ့ စိတ်ကလေးမျိုးနဲ့ ပြုံးပြုံးကြီးပြောနိုင်မှာပါ။
8th May 2025.
10:17pm
မင်္ဂလာပါ A4!!
A4 မှာ အလုပ်စဝင်တဲ့နေ့ မနက်ဖြန်ကျောင်းစဖွင့်မှာဆိုတော့ Rush ဖြစ်နေလို့ နောက်တပတ်ပိတ်ရက် စနေနေ့ကျမှပဲ ၁၄လမြောက်အပြီးမှာ လုပ်ငန်းခွင်စဝင်တဲ့အကြောင်း post တင်တော့မယ်ဗျာ။
Good luck, Khin.
ဟယ်လို ဗန်ဒါရိပ်
အစ်မတော်ရဲ့အအေးဆိုင်လေးကတော့ ဒီနေ့စပြီးတော့ ရုပ်လုံးပေါ်သွားပြီ ဆိုင်နာမည် ဟယ်လို သို့မဟုတ် ဗန်ဒါရိပ်ကတော့ ဆရာကြီးဦးကောင်းစံလင်းကို မေးပြီးမှပဲ နာမည်တပ်ရတော့မယ်
စီးပွားရေးစလုပ်မယ်ဆိုတော့ ရင်းနှီးငွေသိန်း၂၀၀ နဲ့ မှော်ဘီဘက်မှာ မြေကွက်ဝယ်မယ်စဥ်းစားထားတာပါ မြေစျေးတွေကတက် အရောင်းအဝယ်ကလည်း ကြိုက်ရောင်းကြိုက်ဝယ်ဆိုတော့ သူများတွေလိုငွေမမြုပ်နိုင်သေးတော့ ခေတ္တဆိုင်းငံလိုက်ရတယ်
ဝင်ငွေမရှိတဲ့အချိန်မှာ ထွက်ငွေကများနေတော့ ဘေးတွဲနှစ်စီးဝယ်ဖို့စဥ်းစားပြန်ရော ရင်းရမှာကသိန်း ၃၀ တစ်ရက် ၈၀၀၀ ကျပ် ဆိုတော့ စျေးဖိုးရတာပေါ့ဗျာ နယ်ခံသူငယ်ချင်းဟောင်းတွေမေးကြည့်တော့ အမလေးတကြပါလေရော
သိန်း ၃၀ကို လူရင်းရှိရင် အတိုးနည်းနည်းနဲ့ပေးလိုက်ပါတဲ့ ဘေးတွဲကဖမ်းခံရရင်လည်း နင်ပဲလိုက်ရွေးရမှာ လူတိုက်ပြေးရင်လည်း နင်ပဲရုံးရောက်ဂါတ်ရောက်ဖြစ်ရမှာ ရတာက ၈၀၀၀ သူတို့ကိုပြန်ပြင်ပေးရတာက သောင်းဂဏန်း မလုပ်နဲ့ဝေကြီးရေတဲ့
ကိုယ့်အခြေအနေသိတဲ့လူရင်းတွေဆိုတော့ အေးပါသူငယ်ချင်းရယ်ဆိုပြီး နောက်ဆုတ်လိုက်ရတာပေါ့ဗျာ
အသိအစ်မက အရင်းအနှီးနည်းတဲ့ဖိနပ်ဆိုင်ဖွင့်ခိုင်းတော့ လုပ်ကြည့်မယ်ပေါ့ အရင်းကသိန်း ၂၀ ဆိုင်ခန်းငှားခက ၅သိန်းဆိုတော့ အဆင်မပြေဘူး တစ်ရက်ဆယ်ရံရောင်းရမှ ငှားခရမှာ စားဖို့ကအိတ်စိုက်ဆိုတော့ ဒုံရင်းကဒုံရင်းပါပဲ
အစ်မတော်ကတော့ အစားအသောက်ရောင်းမယ့်ပလန်က ဟိုလူကရောင်းလိုက် ဒီလူကရောင်းလိုက်နဲ့ မထူးပါဘူးဆိုပြီး အအေးဆိုင်လေးဖွင့်လိုက်တယ် ဂျင်းသုပ်၊လက်ဖက်သုပ်ပါတွဲရောင်းမလို့ကို ဘေးဆိုင်ကသူရောင်းမယ်ဆိုတော့ ရပါတယ်ပေါ့
မြန်မာအအေး၊ ယိုးဒယားအအေးနဲ့ ဒီနေ့စဖွင့်ပြီး မနက်ဖြန်တော့ ရေခဲသုပ်ပါတိုးရောင်းကြည့်မယ် မိုးကျလာရင်တော့ဘာဘယ်တီးလေးထည့်ရမှာပေါ့ဗျာ တဖြေးဖြေးနဲ့သူ့ဆိုင်လေးအဆင်ပြေသွားရင်ပဲ စျေးဖိုးလေးကာမိတာပေါ့ဗျာ
ဒီနေ့ဆိုင်ကူရောင်းရင်း သမီးလည်းဆိုင်လေးဖွင့်မယ်ဆိုတာ နင့်ဘာသာအလုပ်လုပ်တဲ့ ဆိုင်ကငါနဲ့အမေဖွင့်ရင်ရပြီတဲ့ သူတစ်ပါးဝန်ထမ်းမလုပ်တာ ၁၄လကျော်ပြီဆိုတော့ ဝန်ထမ်းပြန်လုပ်ဖို့အတွက်ကို စိတ်ကူးကမရတော့ပါဘူးဗျာ
ဒါပေမယ့်လည်း ဝင်ငွေတစ်ခုရဖို့အတွက်က လိုအပ်နေတော့ မနက်ဖြန်အဆင်ပြေရင်တော့ ကျောင်းမှာ ဝန်ထမ်းပြန်လုပ်ဖြစ်မယ်ထင်ပါတယ်ဗျာ
ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ပြီးပါပြီ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ပြီးပါပြီ သာမာန်လူဆိုတော့လည်း ဆေးစက်ကျရာမှာ အရုပ်ထင်ပေးရမှာပေါ့ဗျာ။
ကျေးဇူးပါဗျာ။
ရင်းနှီးကျွမ်းဝင်ပြီးမှ စိမ်းသွားတဲ့သူစိမ်းက
အရင်သူစိမ်းထက်ပိုပြီးစိမ်းတယ်။
လူတစ်ယောက်ကို
ဘယ်လိုအကြောင်းကြောင်းကြောင့်မျှ
သစ်စိမ်းချိုးမချိုးပါနဲ့
ရပ်တန့်လိုက်ပါပြီဆိုတဲ့
စကားတစ်ခွန်းတော့ပြောခဲ့လိုက်ပါ။
30th April 2025.
မပြောပေးတဲ့စကားကို ကျွန်တော်ပဲကိုယ်စားပြောပေးလိုက်ပါတယ်
နင်နဲ့ငါ အကုန်လုံးပြီးသွားပါပြီ။
ကျွန်တော်က တခြားမိန်းမတွေလို မိန်းမမပီသတော့ အရိပ်ပြလို့အကောင်မမြင်နိုင်ခဲ့တာပါ
မိန်းမတစ်ယောက်ကို ဘယ်လိုအကြောင်းကြောင်းကြောင့် မပတ်သက်တော့ဘူးဆိုရင်တောင် ယောင်္ကျားပီပီသသ ပြောခဲ့ပေးသင့်တာပါ။
ယောင်္ကျားပီသလို့ ခင်ဗျားအပေါ်ကျွန်တော်ချစ်ခဲ့မိတာပါ။
စကားလုံးတွေအများကြီးပါပဲ ပြောမထွက်တော့ပါဘူး။
နွေ။
မိုးနဲ့အစပျိုးတဲ့မေလက ကျွန်တော်ကိုနွေလိုပူစေပြန်တယ် ရာသီဥတုကြောင့်မဟုတ်ဘဲ စိတ်သောကကြောင့်ပူလောင်စေမိတဲ့ ကျွန်တော့်ကိုကျွန်တော်တကယ်ကို မုန်းမိပါတယ်။
ဒီနှစ်ပိုင်းတွေမှာ အရာရာအားနည်းခဲ့ရလို့ ဘယ်လိုတပ်မက်မှုမဆို ဘယ်လိုမျှော်လင့်ချက်မဆို နည်းနည်းလေးမျှမထားတော့ဖို့ ကျွန်တော်တကယ်ကိုကြိုးစားနေမိတာပါ
ဒါပေမယ့်လည်း မေလပြန်မလာဖြစ်ဘူးဆိုတဲ့စကားကြောင့် ကျွန်တော်ယိုင်နဲ့မိပြန်တယ် မျှော်လင့်ချက်မထားတော့ဘူးဆိုပေမယ့် မေလမှာတွေ့ဖို့ကို ကျွန်တော်အများကြီးကို မျှော်လင့်ထားခဲ့မိတာနေမှာပါ
ဘာမျှမမျှော်လင့်ပါနဲ့လို့ သတိပေးနေရက်သားနဲ့ ကျွန်တော်မျှော်လင့်မိပြန်တယ်
အခုလည်းနောက်တစ်ကြိမ်ထပ်ပြီး ယိုင်လဲရပြန်ပြီ Fb မသုံးတော့ပါဘူးတဲ့ အဲ့ဒီတစ်ခုစီကသာလျှင် ခင်ဗျားရဲ့ဖြစ်တည်မှုကို ကျွန်တော်ကြားသိနိုင်ခွင့်ရှိတာလေ ကျွန်တော်တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်
ဘာကိုမျှ မမျှော်လင့်တော့ပါဘူးလို့ဆိုနေရက်နဲ့ ခင်ဗျားကိုတော့ မျှော်လင့်နေခဲ့မိတာနေမှာပါ
တစ်ဖက်သားမှာ ဘယ်လိုကိစ္စရှိလည်းဆိုတာ ကျွန်တော်သိခွင့်မရှိပါဘူး ကျွန်တော့်မှာမေးပိုင်ခွင့်လည်းမရှိပါဘူး
ဘာဖြစ်လို့လည်းဆိုတဲ့အတွေးက လူကိုအားလျော့စေတယ် အဆင်ပြေရဲ့လားဆိုတဲ့အမေးကိုလည်း မမေးရဲပါဘူး ကျွန်တော်ဘက်ကနေ တစ်ဖက်သက်ဆွဲထားရတဲ့ကြိုးဖြစ်နေရတာကို
သူ့အတွက် သဲတစ်ပွင့်မျှသာဖြစ်နေတာကိုသိနေတော့ ကျွန်တော်ရှိပါတယ်ဆိုတဲ့စကားတောင် မဆိုနိုင်သူပါ အားမဖြစ်စေတဲ့စကားဖြစ်သွားခဲ့မှာကို စိုးရိမ်မိသူပါ
ကျွန်တော့်ကြောင့်များ Fb မသုံးတော့ဆိုရင် ကျွန်တော်ကိုပြောပြပေးပါ ခင်ဗျားဘက်ကနေရပ်တန့်မယ်ဆိုရင်လည်း ကျွန်တော့်ကိုပြောပြပေးပါ ကျွန်တော်တကယ်ကိုမနှောက်ယှက်ပါဘူး မညိုမညင်ပါဘူးဗျာ
လူတစ်ယောက်ကို ဘာမျှမဖြည့်ဆည်းပေးနိုင်ခဲ့ပေမယ့် အစစအရာရာအကုန်လုံး တကယ်ကိုအဆင်ပြေစေချင်တာ ကျွန်တော့်မေတ္တာတရားပါ။
30th April 2025.
8:24pm













