ဆော်ဒီမနက်ခင်းနှင့် အသက်ရှုကြပ်ခြင်း။





 




မနက်မနက် အလုပ်သွားရဖို့ ၁နာရီကျော်ခရီးကားစီးရတဲ့အချိန်မှာ ၁နာရီနီးပါးက ပူပြင်းလွန်းလှတဲ့ဆော်ဒီနိုင်ငံရောက်သွားရသလိုပါပဲ 



ထောက်ကြန့်ကနေမော်တင်အထိ ၅မိနစ်ခြားတစ်စီးပြေးဆွဲနေတဲ့ ၃၅ဘက်စ်ကားကို အပေါက်ဝကနေလိုက်မစီးရရင်တောင် အဲ့ဒီနေ့ကားချောင်တယ်လိုဆိုရမှာပါ



အဆင်မသင့်တဲ့နေ့ကျရင်တော့ မှန်တံခါးဖွင့်လို့မရဘဲ လက်တဖွားသာသာဆလိုက်အသေးလေသာ ဖွင့်လို့ရတဲ့နေနဲ့ကြုံရရင် အရှင်လပ်လပ်ငရဲဘုံရောက်ရပြန်တာပါပဲ အခန့်မသင့်ရင်ချွေးထွက်လွန်ပြီးမူးလဲကျပါတယ် ဖုန်းအနှိုက်ခံရတဲ့နေ့တွေလည်း ကြုံရပါတယ် 



လူကြပ်လွန်းလို့ ခြေဖဝါးနှစ်ခုကျယ်ကျယ်မချနိုင်တဲ့ကားကြမ်းပြင်ပေါ်မှာ ယိမ်းထိုးနေတဲ့ကားပေါ်မှာ ထမင်းဘူးခြင်းတဖက်ကိုကိုင်ပြီး ခါးပိုက်နှိုက်ခံရမှာစိုးလို့ပိုက်ဆံအိတ်ကိုဖိထားပြီး ခေါင်းပေါ်ကတလံအကွာမှာရှိတဲ့တန်းကိုကိုင်စီးရတာက ၃၅ပေါ်ကစူပါဝန်းမန်းဘဝတွေပါ 



ကံကောင်းလို့ထိုင်ခုံဘေးရောက်ခဲ့ရင်တောင် ကိုယ့်လိုဘဝတူဝန်ထမ်းတွေကလွဲရင် ခြင်းတောင်းမကိုင်ပေးတဲ့လူတွေလည်းကြုံခဲ့ရပါတယ် 



ကားပေါ်မှာရေချွေးထားသလို ချွေးသီးသီးထွက်တဲ့ ဒုက္ခမခံနိုင်လို့ နောက်နေ့မှန်တံခါးဖွင့်လို့ရတဲ့ကားစီးမယ်လို့ ဆုံးဖြတ်ထားပေမယ့် ၃၅ဘက်စ်ကားဆိုက်တာနဲ့ မှန်အသေအရှင်မကြည့်အားပဲ နေ့တဒူဝတိုးခွေ့စီးရပြန်ပါတယ်



ဘာလို့နိဒါန်းကိုချီနေရလည်းဆိုရင် အသက်ရှုကြပ်ပြီးဗန်တိုလင်ရှုရတဲ့ဒုက္ခနဲ့ မနက်ဖြန်ညနေသွေးအဖြေရလဒ်မကောင်းရင် ဆေးရုံတက်ရမယ့်လှလှကတွေ့ရပါတော့မယ်



၂၂ရက်နေ့ ၈မိုင်မရောက်ခင်တည်းက ပိတ်လိုက်တဲ့ကားတန်းက ၅မိနစ်ကိုကိုက်၁၀၀ပဲရွေ့နိုင်ပါတယ် မျက်နှာပေါ်ကကျလာတဲ့ချွေးစက်တွေက ပါးစပ်ထဲအထိတောင်စီးဝင်လာပါတယ် ကိုယ်လုံးမှာထွက်တဲ့ချွေးတွေကလည်း တဒီးဒီးကျနေတော့ခရီးသည်တွေရဲ့ မေတ္တာပို့သံတွေကညံနေပါပြီ မှန်အသေကားကိုအဲကွန်းမဖွင့်ပေးနိုင် ဖန်တော့ဖွင့်ပေးပါလား ဖန်မဖွင့်ပေးနိုင်ရင်တောင် နောက်တံခါးဖွင့်ပေးထားပါလား လူတွေမူးလဲပြီးသေကုန်တော့မယ်



သူကောင်းသားကတော့ တေမိမင်းထုံးနှလုံးမူပြီး တုပ်တုပ်မျှမလှုပ်ပါဘူး ကိုယ်တွေလည်းလမ်းအမြန်ပွင့်ပြီးလိုရာခရီးမြန်မြန်ရောက်ပါစေပဲ ဆုတောင်းနေရပါတယ် ဆုတောင်းမပြည့်ပါဘူး ၅မိနစ်ကိုက်၁၀၀ခရီးက ဟယ်ပင်မှတ်တိုင်အထိချီတက်သွားရတဲ့အတွက် မြေနီကုန်းအထိကိုအရှင်လပ်လပ်ယောယုဝကို၁နာရီကျော်အလည်ရောက်သွားရတာပါ



အဲ့ဒီအကျိုးဆက်ကြောင့် ကျောင်းရတော့ ချွေးတွေစိုနေတာကို အဲကွန်းလေနဲ့သလပ်ခံပြီး ၁၀မိနစ်ကျော်မှာရေခဲချောင်းစားမိလိုက်ပါတယ် အဲ့ဒီ့ဆိုးကျိုးကတနေ့လုံးဆိုင်းမပြဘဲ ည၆နာရီကျော် ၃၅ဘက်စ်ကားစီးတဲ့အချိန်မှာစတင်ပါတော့တယ် လမ်းခရီးမှာဘုရားစာအသံတိတ်ရွတ်တဲ့အကျင့်ရှိတာကို အရဟံဂုဏ်တော်တောင်မရွတ်နိုင်လောက်အောင် လည်ချောင်းကနာကျင်နေပါတယ် ဝေဒနာခံစားနေရတော့ ကားကြပ်တာကိုလည်းသတိမမူနိုင် ခါးပိုက်နှုက်ခံရမှာကိုလည်းသတိမမူနိုင်ဘဲ အိမ်ရောက်ချင်ဇောသာများနေရတာပါ



အိမ်ရောက်ဆေးသောက် အဝတ်အစားလဲပြီးအိပ်လိုက်တာ ၂၃ရက်နေ့မှာအတော်လေးသက်သာသွားတယ် ၂၄ရက်နေ့လည်းသက်သာနေတော့ ပေါ့ဆပြီးခေါင်းလျှော်ရေချိုးလိုက်တာ ၂၄ရက်နေ့တညလုံးချောင်းဆိုးပြီးအိပ်မရတာနဲ့ ၂၅ရက်နေ့အထူးကုဆေးခန်း​ပြရပြန်တယ်



MO ဆရာဝန်မလေးဆေးထိုးပေးလိုက်တဲ့အရှိန်နဲ့ သက်သာသွားပြီး ၂၅ရက်နေ့အေးအေးဆေးဆေးအိပ်စက်ရပါတယ် ၂၆ရက်နေ့ ဆော်ဒီမနက်ခင်းကိုရင်ဆိုင်ရပြန်တယ် ကံမကောင်းတော့ ၂၆ရက်နေ့ညလည်းကားပိတ်ပြီး မြေနီကုန်းကနေ၈မိုင်မှတ်တိုင်ကျော်အထိ ဆော်ဒီညနေခင်းကို ၂နာရီနီးပါးဖြတ်သန်းလိုက်ရတော့ ၂၆ရက်နေ့တညလုံး ချောင်းပြန်ဆိုးတယ် 



၂၇ရက်နေ့မနက်မှာ ဆေးပတ်လည်အောင်သောက်နေတာတောင် အသက်ရှုမဝတော့ဘူး ဗန်တိုလင်အဆင်သင့်ရှိတာနဲ့ ရှုကြည့်တော့လည်းသိပ်မသက်သာဘူး ဆရာဝန်မကြီးကိုချိတ်ဆက်ကြည့်တော့ ဆေးရုံကနေည၆နာရီခွဲရောက်ပါမယ်ဆိုလို့ မိုးအတိတ်မှာဆေးခန်းပြေးရတယ်



MO ဆရာဝန်မလေးပေးထားတဲ့ဆေးတွေက အဆင်ပြေပါတယ်​ရှင်းပြပြီး အသက်ရှုကြပ်တာအတွက်အဆုပ်ကိုစမ်းသတ်တော့ အဆုပ်၆ခန်းလုံးလေပြွန်ရောင်နေပြီ အောက်ဆီဂျင်မကျတော့ ဆေးထိုးပေးမယ် ဆေးရှုရမယ် သွေးအဖြေ၂ခုစစ်ရမယ် 



မနက်ဖြန်ညနေပြန်ပြပြီး သွေးအဖြေမကောင်းရင်ဆေးရုံတက်ရမယ် ဒီလောက်အထိဖြစ်နေတာ အသက်ရှုမကြပ်ဘူးလားတဲ့ အသက်ရှုမဝဘူးဆရာမလို့ အခုတောင်နည်းနည်းသက်သာတာ မနက်ကဆိုရင်ရင်ဘက်မှာ တစ်ခုခုစို့နေသလိုဖြစ်နေတာ



မိုးကလည်းသည်းနေတော့ ဆေးခန်းမှာခဏနားပြီး မိုးခဏတာအရပ်မှာ အိမ်ကိုပြန်လာရတယ် မက်တော့တပ်ထားလိုက်တယ် အသက်ရှုလို့မဝပေမယ့်ကိုယ့်ကြောင့်မိသားစုဝင်တွေ ရောဂါမရစေချင်ဘူးလေ



အိမ်ကတော့ပြောရှာပါတယ် ပိုက်ဆံရှိတာပဲကုလို့ရတယ်တဲ့ အခုလောလောဆယ်တောင် ကိုယ်မရှာပေးနိုင်ခင် ၂သိန်းကျော်ဆိုတဲ့ပိုက်ဆံကကုန်သွားရပြီလေ



မနက်ဖြန်ညနေ သွေးအဖြေရလဒ်ကောင်းပါစေလို့ပဲ ဆုတောင်းမိပါတယ်။

No comments: