ကိုကို


 

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက်ကိုရောက်လာပါပြီ ခင်ဗျားကိုလက်လွှတ်ပေးရမယ့်အစား ကျွန်တော်ပိုပြီးတော့ဖက်တွယ်မိပြန်ပြီ ကိုကို..


အများကြီးမဟုတ်ပါဘူး

၁။ ခင်ဗျားကျွန်တော့်ကိုမချစ်ဘူးဆိုတာ


၂။ကာမပိုင်ရှိတဲ့အမျိုးသားတစ်ယောက်ကို မချစ်သင့်ဘူးဆိုတာ


၃။ကျွန်တော့်အခြေအနေက အတိတ်ကရောအခုလက်ရှိမှာရော ခင်ဗျားအတွက်ဘယ်လိုမျှ မထိုက်တန်တဲ့ အမျိုးသမီးဖြစ်နေရတာဆိုတာ


အဲ့ဒါတွေနဲ့တင် ကျွန်တော်လက်လွှတ်သင့်နေပါပြီဗျာ ဒါပေမယ့် ကျွန်တော်လက်လွှတ်ပေးဖို့ သွေးမရဲသေးပါဘူး ကိုကို


ကျွန်တော့်ကိုလျစ်လျှူရှုတဲ့လူတွေကို ကျွန်တော်နည်းနည်းလေးမျှ သဘောမကျခဲ့ပါဘူး အခုအချိန်အထိတိုင်ပါပဲ 


ခင်ဗျားကျတော့ ၅နှစ်ဆိုတဲ့အချိန်ကာလာအတွင်းမှာ အမြဲနီးပါးလျစ်လျှူရှုထားခဲ့တာတောင် ကျွန်တော့်မှာနာကျင်ရက်နဲ့ ခင်ဗျားကိုဖက်တွယ်မိနေတုန်းပါပဲ


တခါတလေ ကျွန်တော်တွေးမိပါတယ် အရင်ဘဝကများ သူ့အပေါ်ဘာတွေများကျူးလွန်ခဲ့မိလို့ ငါဒီလောက်သနားဖို့ကောင်းနေရတာလည်းလို့ပါ


ကျွန်တော့်ရုပ်ရည်က သာမန်ရွက်ကြမ်းရေကြိုရုပ်မျိုးပါပဲ ဒါပေမယ့် ကျွန်တော်မာနကြီးပါတယ် အဲ့ဒီ့မာနကမွေးယူထားတာမဟုတ်ဘဲ သူ့ဘာသာဖြစ်တည်နေတာပါ


ယောင်္ကျားတစ်ယောက်ကို အထင်ကြီးဖို့သဘောကျဖို့ဆိုတာ ကျွန်တော့်အတွက်အတော်လေးခက်ခဲလှပါတယ်


မနက်ဖြန်မှပဲဆက်ရေးပါတော့မယ် မျက်လုံးကမဖွင့်နိုင်တော့ဘူးဗျာ 

😔


ဟီး

အပျော်လွန်နေပြီး ဒီနေ့လည်းဆက်မရေးဖြစ်တော့ဘူးဗျာ


လူတစ်ယောက်ကို အရူးအမူးချစ်ကြည့်စမ်းပါဗျာ ခင်ဗျားတို့ဘဝမှာ ဘယ်လောက်ပဲနာကျင်ရပါစေ အဲ့ဒီလူက အရာရာဆိုတာကို လက်ခံပေးလိုက်ရတာလောက် ဘယ်အရာမျှ ပီတိမဖြစ်ဘူးဗျ..

တိမ်တွေအုံ့ဆိုင်းတဲ့အရပ်


 

လှချင်တိုင်းလှနေတဲ့ တိမ်တွေအုံ့ဆိုင်းနေတဲ့အရပ်မှာ ချစ်ရသောသူတစ်ယောက် ကြမ်းတမ်းလှတဲ့ရာသီဥတုဒဏ်ကို အံတုနေရတာကိုသိခဲ့ရတော့ ကျွန်တော့်အတွက် တိမ်တွေကမလှတော့ပါဘူးဗျာ..


တအားကိုကြမ်းတမ်းခက်ခဲတဲ့ အခုလိုရာသီမျိုးများ နွေးနွေးထွေးထွေးသက်သက်သာသာ ရှိစေချင်ခဲ့မိတာကျွန်တော်ဆန္ဒအမှန်ပါ


ပြည်တော်မပြန်နိုင်တဲ့မင်းခယောင်္ကျားတစ်ယောက်အတွက် ကြီးလေးတဲ့တာဝန်ကိုထမ်းဆောင်နေရတာ အချိန်ကြာလွန်းလှတော့ တချို့လူတွေကိုမျက်မုန်းကျိုးမိပါတယ်


သူ့ကြမှဒီလောက်ကာလရှည်ကြာကြီး ကြီးလေးတဲ့တာဝန်ထမ်းဆောင်နေရတော့ ကျွန်တော်လည်းစိတ်မလုံမိသလိုခံစားရပါတယ် 


ကျွန်တော်သာစုဆောင်းမှုရှိခဲ့တဲ့ မိန်းမတစ်ယောက်သာဖြစ်ခဲ့ရင် ခင်ဗျားတစ်ယောက်ဒီလိုတွေ ပင်ပန်းနေရမှာမဟုတ်ပါဘူးဗျာ လူဆိုတာနောင်ကျမှနောင်တရကြတာတဲ့ ဟုတ်သဗျ အခုကျမှအချိန်လွန်နောင်တတွေက ကျွန်တော်ကိုနာကျင်စေရပါတယ်


အများကြီးလွမ်းတယ် 


အိပ်​ရေးမမက်တဲ့သူဖြစ်ပေမယ့် အိပ်ရေးဝဝအိပ်စေချင်တယ် အစားအသောက်ဂျီးမများတဲ့သူဆိုပေမယ့် ကျကျနနလေးစားသောက်စေချင်တယ် အပင်ပန်းဆင်းရဲခံနိုင်တဲ့ယောင်္ကျားဆိုတာ သိပေမယ့်လည်း သက်တောင့်သက်သာဘဝမျိုးမှာပဲ နေစေချင်ပါတယ်


ဟူး အများကြီး အများကြီးဗျာ ကျွန်တော်မလုပ်ပေးနိုင်တဲ့ကိစ္စရပ်တွေက အများကြီးပါပဲလားဗျာ 


၂၇ရက်နေ့အဘိုးကုစီရောက်ရင် ခင်ဗျားကိုယ်စား ဆုတောင်းတစ်ခုပဲတောင်းခဲ့မှာပါ မြင့်မားတဲ့ဘဝမှာစိတ်အေးချမ်းသာစွာ နေထိုင်ပါရစေဆိုတဲ့ ဆုကိုပဲတောင်းခဲ့ပေးမှာပါ


ဆင်သွားရင်လမ်းဖြစ်တဲ့သူတစ်ယောက်ဖြစ်လို့ ကြံစည်လုပ်ဆောင်သမျှ အစစအရာရာအကုန်လုံး အဆင်ပြေချောမွေ့အောင်မြင်မယ်ဆိုတာ တကယ်ကိုယုံကြည်ထားပါတယ်ဗျာ။


🙏🙏🙏


အလုပ်ပင်ပန်းနေရလို့ ဂျီမကျရက်ပါဘူးပြောခဲ့ပြီးတော့ Fb account ပျောက်သွားလို့ သွားပြောမိပြန်ပါပြီ။

🥺

ချစ်သော


 

ဒီတစ်ခါတွေ့ရင်တော့ တစ်ညလုံးမအိပ်ဘဲ 

၄နှစ်စာအတွက် ခင်ဗျားလေးကို 

စိတ်တိုင်းကျ တဝကြီးနမ်းပြစ်အုန်းမယ်ဗျာ..

16th Nov 2025.



၆လကျော်စာတစ်လုံးမျှမပိုဖြစ်အောင် တောင့်ခံနိုင်ပြီးတော့ တစ်ရက်လောက်စာမပို့ရတာကို ကျွန်တော့်မှာမအိပ်နိုင်ဘဲ ယောက်ယက်ခက်နေခဲ့မိပါတယ်


ဒီလူမှဒီလူ့ကိုပဲ အဖြစ်သည်းလွန်းခဲ့တဲ့ တစ်သတ်မှတ်တည်းစွဲလန်းတက်လွန်းတဲ့ ကျွန်တော့်ဘာသာ အကြိမ်ကြိမ်အခါခါ မုန်းတီးခဲ့မိပါတယ်

11th Dec 2025.



နေ့လည်၂နာရီတောင်မထိုးသေးဘူး သတိရနေမိပြန်ပြီ ဟူး ဒီသံသရာကြီးထဲမှာ ပျော်ပျော်ကြီးနစ်နစ်ဝင်သွားမိတာ ကျွန်တော်ပါပဲဗျာ


Tarot reading လေးတစ်ခုဖတ်ပြီး အရမ်းငဘောကျလို့ share ထားလိုက်မိတယ် ချစ်ပ ဆိုတဲ့ စာသားလေးတစ်လုံး​ကိုတောင်မျှ ၄နှစ်ကျော်ပြီးမှ ကျွန်တော်ပိုင်ဆိုင်ခဲ့ရတာပါ 


အဲ့လိုဖက်တွယ်မိနေလို့လည်း ကျွန်တော်ရပ်တန့်နိုင်ဖို့ကြိုးစားမိလေ ခင်ဗျားကိုဆထပိုးပြီးဖက်တွယ်မိလေပါပဲဗျာ။

12th Dec 2025.



လွမ်းတယ် ကိုကို

🥺


အလုပ်များနေတာကိုသိတော့ စိတ်ပူမိတယ် စာပို့ချင်ပေမယ့်လည်းမပို့ရဲသေးဘူး နေကောင်းအောင်နေပါနော် အစစအရာရာအကုန်လုံး အောင်မြင်ချောမွေ့အဆင်ပြေပါစေရှင်


Internet ဖွင့်တာနဲ့ ခင်ဗျား အကောင့်လေးဝင်ကြည့်ဖြစ်တယ် post လေးတင်ပေးထားတာမြင်မှ စိတ်အေးသွားရပါတယ်


အရေးကြီးတဲ့အချိန်တိုင်း ဘာမှမတင်တက်တဲ့သူဖြစ်လို့ အဲ့လိုနေ့မျိုးတွေဆိုရင် ကျွန်တော်စိတ်ပူနေမိပါတယ် စိတ်ပူတာကိုမကြိုက်မှန်းသိလို့ ညိမ်ညိမ်လေးပဲနေပေးမိပါတယ်


အကူအညီမဖြစ်ခဲ့ရင်တောင် အနှောက်အယှက်မဖြစ်စေတဲ့အတွက် ကျွန်တော်လုပ်ပေးနိုင်တဲ့ သဲတစ်ပွင့်စာအပြုအမူလေးပါဗျာ


ဂရုစိုက်ပါနော် တဖွဖွဖွင့်မပြောရပေမယ့် တဖွဖွပြောချင်ခဲ့တဲ့စကားလုံးတွေပါဗျာ။

13th Dec 2025.



နေ့လည်ခင်းမှာ လမ်းဘေးခွေးသုံးကောင်ကို လမ်းအလည်ကအဒေါ်က ပရဟိတနဲ့ချိတ်ဆက်ပြီးသားကြောဖြတ်တာ တစ်ကောင်ကအားနည်းနေတော့ ဆိုင်နားမှာထားရင်းသွေးမတိတ်တော့ သူများအပူကိုယ့်အပူဖြစ်ပြီး တညနေခင်းလုံးဗျာများနေတာနဲ့ စျေးလည်းမရောင်း​နိုင် နေ့လည်စာလည်းမစားဖြစ်


ညနေ၅နာရီကျော်ကနေ ည၈နာရီခွဲအထိ ဝယ်သူမပြတ်တော့လည်း ဘုရားလည်းမရှိခိုးဖြစ် ခင်ဗျားကိုသတိရပေမယ့် ဝင်မကြည့်မိပါဘူးဗျာ


ည၉နာရီအိမ်ပြန်ရောက်ပြီး ၉နာရီခွဲကျော်တည်းက ခင်ဗျားရှိမလား စောင့်နေမိတာ ည၁၂နာရီကျော်သွားတယ် ခင်ဗျားမရှိပြန်ဘူး အလုပ်များနေမှာသိတော့ စိတ်ပူမိပြန်တယ် 


အစစအရာရာအကုန်လုံး ဂရုစိုက်ပေးပါဗျာ ဆင်သွားရင်လမ်းဖြစ်မယ့်သူမို့လို့ အကုန်လုံးအောင်မြင်မယ်လို့လည်း တကယ်ကိုယုံကြည်ထားပါတယ်။

🙏

14th Dec 2025.



ည၁နာရီကျော်ကြီး မအိပ်နိုင်သေးဘဲ ထမင်းမှသေချာစားရပါ့မလား တနေ့ကို၃၊၄နာရီလောက်များ အိပ်ရပါ့မလား စိုးရိမ်နေမိပြန်တာတယ် ကျွန်တော်ဘာမျှမလုပ်ပေးနိုင်တာမှန်ပေမယ့် တကယ်ကူလို့ရတာရှိရင် ကူပေးချင်ပါတယ်ဗျာ


အိပ်မပျော်ဘဲနဲ့ စောစောနိုးလာတယ် 3minutes ago ဆိုတော့ တော်ပါသေးရဲ့ပေါ့ ပြန်အိပ်ခါနီး online ဖြစ်နေတော့ စာမပို့ရဲတာနဲ့ online လေးကိုဝင်ချီထွက်ချီလုပ်ပြီး ကြည့်နေမိရင်း တစ်ယောက်ထဲပြုံးနေမိပါတယ်


ခင်ဗျားကထင်မှာပဲနော် စာမပို့ဘူးဆိုပြီးတော့ အနှောက်အယှက်ဖြစ်မှာစိုးလို့ ကျွန်တော်စာမပို့သေးတာပါ

🥺


ဒီညလည်းည၁၂နာရီကျော်ပြန်ပြီ online ဖြစ်နေလည်းစာပို့မိမှာမဟုတ်တာကို စောင့်နေမိပြန်ပါပြီ အလုပ်များတာသိနေတော့ စိတ်ပူမိတာကိုမတားစီးနိုင်ပြန်ပါဘူး


အန္တရာယ်ကင်းဘေးရှင်းမှာကို ယုံကြည်ထားတဲ့အတွက် အစစအရာရာအကုန်လုံး အောင်မြင်ချောမွေ့ အဆင်ပြေမှာပါ။

15th Dec 2025.



ည၁နာရီထိုးတော့မှာဖြစ်လို့အိပ်တော့မယ် မမြင် မတွေ့ရပေမယ့်လည်း ဒီလူဆိုတာကိုပဲ ကျွန်တော်ကဖက်တွယ်နေမိတာလေဗျာ


လွမ်းတယ်

ခင်ဗျားကတော့ထက်မှာပဲ ဘာဖြစ်ပြန်လို့စာမပို့ရတာလည်းဆိုပြီး ကျွန်တော်ပို့ထားတာတွေကိုမှ ခင်ဗျားကမဖတ်ဘဲ​ဖျက်ပြစ်တာကို


ဒီညလည်း ည၉နာရီအိမ်ရောက်တာနဲ့  line ဖွင့်ပြီးထမင်းစား မနက်ဆွမ်းချက်ဖို့အတွက် ကြက်သွန်ဖြူနီနွှာ အာလူးအခွံသင်ပြီးတော့ ည၁၀နာရီ​ထိုးသွားရော online ဖြစ်နေပေမယ့် စာမပို့ဖြစ်ခဲ့ပါဘူး


fb ကိုဝင်ကြည့်တော့မှ post တင်ထားတာတွေ့မိတော့ စိတ်မကောင်းဖြစ်ရပြန်ရော အစားလည်းကောင်းကောင်းမွန်မွန်မစားရ အိပ်ချိန်လည်းမရတဲ့ဘဝမှာ ဘယ်လောက်များကြာအုန်းမှာလည်းဗျာ


ဟူး မောပါတယ်ဗျာ မီးကျောင်းမင်းကို ကျွန်တော်တစ်ယောက် ရေခင်းပြမိပြန်ပါပြီဗျာ


အစစအရာရာအကုန်လုံး ဂရုစိုက်ပေးပါဗျာ။

🙏

16th Dec 2025.



ဒီညစာမရေးနိုင်တော့လို့ စိတ်မဆိုးပါနဲ့

အစစအရာရာဂရုစိုက်ပေးပါနော်။

17th Dec 2025.



နေ့လည်ကဆိုင်မှာထိုင်နေရင်းနဲ့ Fb ဝင်ကြည့်တော့ မနက်ကတင်ထားတဲ့ post တွေ့ပြီးအများကြီးစိတ်မကောင်းဖြစ်ရပါတယ် မျက်ရည်မကျမိပေမယ့် ၂၀၂၃ခုနှစ်ကသာ ငါလောက်လောက်လားလားအကူအညီပေးနိုင်ခဲ့ရင် အခုလိုပင်ပန်းခက်ခဲနေရမှာမဟုတ်ဘူးလည်း တွေးမိပြန်ပါတယ်


မိကျောင်းမင်းကို ရေခင်းထပ်ပြမိပြန်ပါပြီ အစစအရာရာအကုန်လုံးသတိထားပေးပါနော် အမြဲတစေသတိရှိတဲ့သူဆိုတာသိပေမယ့်လည်း ပိုပြီးတော့သတိထားပေးပါဗျာ


ကျွန်တော်နဲ့မတွေ့ရရင်လည်းနေပါဗျာ ခင်ဗျားတစ်ယောက် သက်တောင့်သက်သာနေရဖို့ကို တကယ်ကိုမျှော်လင့်မိပါတယ် 


၂၇ရက်နေ့အဘိုးကုစီရောက်ခဲ့ရင် အဲ့ဒီ့ဆုကိုလည်းတောင်းပေးခဲ့ပါမယ် ကျန်းမာချမ်းသာပျော်ရွှင်အေးချမ်းစွာဖြင့်မိသားစုနဲ့အမြန်ဆုံး ပြန်လည်ဆုံစည်းခွင့်ရပါစေဆိုတဲ့ဆုကို တောင်းပေးခဲ့ပါမယ်။

🙏🙏🙏

18th Dec 2025.



ဒီနေ့ညညစင်ထရယ်သွားဖြစ်တယ် ခင်ဗျားကတော့ကျွန်တော့်ကိုအပြစ်တင်မှာပဲနော် တင်လို့ရပါတယ်ဗျာ ကျွန်တော်ကပျော်နေမိတာကို


စာမပို့ရတာကြာတော့ လူကစိတ်လွတ်နေမိတယ် ဒါပေမယ့်လည်း အ​နှောက်အယှက်ဖြစ်မှာစိုးလို့ ဆယ်ရက်တိတိစာမပို့သေးပါဘူးဆိုတဲ့ ကျွန်တော့်စကားရယ် အခုအချိန်မှာတကယ်ကို အလုပ်များနေရတဲ့ခင်ဗျားအခြေအနေကြောင့် ည၁နာရီကျော် ၂နာရီအထိမအိပ်နိုင်တာတောင် ကျွန်တော်စာမပို့ခဲ့ပါဘူး


ခင်ဗျားကထင်မှာပဲနော် ကျွန်တော်ပြောင်းလဲသွားပြီလို့ ၄နှစ်ကျော်၅နှစ်နီးပါး ဖက်တွယ်ခဲ့တဲ့လူတစ်ယောက်ကို လွယ်လွယ်နဲ့သာမေ့ပျောက်နိုင်ရင် ကျွန်တော်ဘာလို့နာကျင်တာကြီးကိုခံစားနေမလားဗျာ


ဒီလူမှဒီလူပါလို့ ကျွန်တော့်ကိုယ်ရောစိတ်ပါ နစ်မြုပ်ထားတာဖြစ်လို့ ခင်ဗျားကလွဲရင် ဘယ်ယောင်္ကျားသားကိုမျှ ချစ်သူ၊လင်ယောင်္ကျားလို့လက်ခံပေးလို့မရသလို ကျွန်တော့်စိတ်ရောကိုယ်ပါသတ်မှတ်ပေးလို့မရဘူးဗျ


ခင်ဗျားကယုံမှာမဟုတ်ပါဘူး ၄၊၅၊၆လအဆက်အသွယ်ပြတ်သွားပြီးလို့ ကျွန်တော့်ဘက်ကနေပြန်ဆက်သွယ်တာတောင်မှ ဘဲရနေပြီးမလား မေးတက်တဲ့သူမျိုးလေဗျာ 


ဆက်မရေးတော့ပါဘူးဗျာ စိတ်ရောလူရောပင်ပန်းနေတဲ့သူကို စိတ်ဒဏ်ရာတွေမပေးရက်ပါဘူးဗျာ 


တကယ်ကိုလွမ်းတယ် ကျွန်တော်မတွေ့ရရင်နေပါစေလို့ ပြောခဲ့မိပေမယ့် အများကြီးတွေ့ချင်နေတယ် ခင်ဗျားရင်ခွင်ထဲတိုးပြီးအိပ်ချင်တယ်


ဟူး မလွယ်ပါဘူးဗျာ ဒီလူမှဒီလူဖြစ်နေတာ ကျွန်တော့်ဘာသာတော့အံသြယူမိပါတယ် ကြင်ကြင်နာနာယုယုယယလေးများ ခင်ဗျားဘက်ကနေဆက်ဆံခဲ့မိရင် ကျွန်တော်ရူးသွားလိမ်းမယ်ထင်ပါတယ်


နွေးနွေးထွေးထွေးနေ နေကောင်းအောင်နေပေးပါနော် ကျွန်တော်ကစိတ်ပူနေတာကလွဲရင် ဘာတစ်ခုမျှမလုပ်ပေးနိုင်လို့ အများကြီးစိတ်မကောင်းဖြစ်ရပါတယ်


ကျွန်တော်ချစ်တဲ့ ဆင်ကြီးကသွားရင်လမ်းဖြစ်တဲ့သူမို့လို့ အစစအရာရာအကုန်လုံး အဆင်ပြေချောမွေ့အောင်မြင်မယ်ဆိုတာ ယုံကြည်ပါတယ်ဗျာ။

🙏🙏🙏

19th Dec 2025.



online လေးကိုငေးကြည့်ရင်း ခင်ဗျားကိုလွမ်းနေရတဲ့ဘဝ


ရာသီဥတုကမတအားကြမ်းတော့ ကျန်းမာရေးဂရုစိုက်ပေးပါဗျာ


လွမ်းတယ် နွေးနွေးထွေးထွေးလေးဖြစ်သွားအောင် တအားဖက်ထားချင်လိုက်တာ အခုညဆောင်းက ရန်ကုန်မှာနည်းနည်းပြန်အေးလာတယ် အဲ့ဘက်မှာတော့မတအားအေးမင်ထင်ပါတယ်


အချိန်ရရင်ထမင်းပူပူဟင်းပုပူလေးစား ကော်ဖီပူပူလေးသောက်ပေးပါနော် မှာသာမှာရသာအချိန်ရအုန်းမှလေ စကားတွေသာတွတ်ထိုးပြောနေမိတာ ဘာတစ်ခုမျှမလုပ်ပေးနိုင်သေးဘူးလေ 


online မှာမရှိတော့ပြန်ဘူးဆိုတော့ အလုပ်များနေမယ်ထင်ပါတယ် အစစအရာရာအကုန်လုံး ဂရုစိုက်ပေးပါနော် ဘေးဘယာကင်းဝေးတဲ့သူဖြစ်လို့ ကြံစည်လုပ်ဆောင်သမျှ အစစအရာရာအကုန်လုံး အောင်မြင်ချောမွေ့အဆင်ပြေမယ်ဆိုတာ တကယ်ကိုယုံကြည်ထားပါတယ်ဗျာ။

🙏🙏🙏

20th Dec 2025.



🌻 လွမ်းတယ် ကိုကို။



ဝေဒနာ


 

မနေ့ကဘုရားကအပြန် ကျောက်မြောင်းဘက်ဝင်ဖြစ်လိုက်တယ် အမှန်ကဆိုင်ဖွင့်ဖို့နောက်ကျနေလို့ ပုပုစီမှာအအင်္ကျီအပ်ထားတာ ဝင်မယူတော့ဘူးတွေးထားတာပါ


ဆွမ်းတော်ကပ်လှူပြီး ပုတီးစိပ်ဘုရားရှိခိုးနေတဲ့အချိန် ဆိုင်းလန့်လုပ်ထားတော့ သူဖုန်းခေါ်ထားတာတွေ့တာနဲ့ ပြန်ခေါ်လိုက်တော့ နောက်တစ်ခါတကူးတကလာနေရမှာစိုးလို့ ချုပ်ပြီးသွားပြီလာယူလို့ရပြီဆိုတော့ ဝင်ယူလိုက်ဖြစ်တာ


ဆွမ်းကပ်လှူတဲ့ တောင်ဘက်အာရုံခံမုခ်ဦးကနေလက်ယာရစ်ဖူးရင်း အဖေနဲ့အမေဂြိုဟ်တိုင်တွေမှာရေသပ္ပါယ် ပြီးတော့ကျွန်တော့်မွေးနံအင်္ဂါဂြိုဟ်တိုင်မှာ ရေသပ္ပါယ်ပြီးတာနဲ့ အရှေ့ဘက်စောင်းတန်းကပြန်ဆင်းလာရော


အမေအမြဲရွတ်နေတဲ့ဘုရားစာအုပ်က ဟောင်းနေပြီဆိုတော့အဲ့ဒီစာအုပ်နှစ်အုပ်ဝယ်ဖြစ်တယ် ပြီးတော့ကျောက်စိမ်းနားကပ်လုံးချောလေးတစ်ရံဝယ်ဖြစ်တယ် ပိစိလေးဆိုတော့ပျောက်ရှမှာစိုးလို့ ပိုက်ဆံအိတ်ထဲပဲထည့်ထားလိုက်မိတယ် ဆိုင်ထိုင်ရင်ကျောက်စိမ်းလက်ကောက်ကလွဲရင် ဘာမှမဝတ်ဖြစ်တော့ နားပေါက်ဟောင်းလောင်းကိုမကြိုက်လို့ပါ


အရှေ့ဘက်စောင်းတန်းကဆင်းလာရင်း မွေးနေ့ကဘုရားမတက်ဖြစ်တော့ ပစ်တိုင်းထောင်ရုပ်ဝယ်ပေးချင်ပေမယ့် နားကပ်ဝယ်ပေးပြီးပြီပဲပိုက်ဆံကုန်ကျတာတွေများနေပြီဆိုပြီးတော့ မဝယ်ပေးတော့ပါဘူး


ထမင်းဘူး၊လဖက်ဘူး၊လိမ္မော်သီးဘူး၊ရေဘူး၊ကော်ဖီဓါတ်ဘူး၊ကြွေခွက်ထည့်ထားတဲ့ ထမင်းဘူးခြင်းတောင်းရယ် ဘုရားစာအုပ်သုံးအုပ်၊သတင်းစာတစ်အုပ်၊စိတ်ပုတီး၊သဘက်ထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်ရယ်နဲ့ လိုင်းကားပေါ်မှာကသီနေမှာစိုးလို့ ထီငါးစောင်ထိုးပြီးကတည်းက YBS ကဒ်လေးကိုပိုက်ဆံအိတ်ထဲကနေထုတ်ထားလိုက်မိတယ် 


ကားစီးရမယ့်ကန်တော်ကြီးဘက်အခြမ်းကို ကားလမ်းမကူးရဲတာနဲ့ ဗဟန်း၃လမ်းမှတ်တိုင်နားရပ်ထားတဲ့ ၉၅ကိုတာမွေရောက်လားမေးကြည့်တော့ အစ်မရေရှေ့မှာဂိတ်ရှိတယ် အဲ့ဒီ့ကနေသွားစီးလို့ရတယ်ပြောလို့ ဆက်လျှောက်လာမိရော ဦးထောင်ဘိုအဝိုင်းမရောက်ခင်မှကားငါးစီးလောက်ဆင့်ရပ်ထားပြီး ဒုတိယတစ်စီးကထွက်မှာဆိုတော့ အဲ့ဒီ့ကိုသွားလိုက်တယ်


ကားနားရောက်ခါနီးကဒ်မရဘူးဆိုတော့ အောက်မှာရပ်နေတဲ့ကားသမားကိုပိုက်ဆံပေးဖို့ ပိုက်ဆံအိတ်ထုတ်နေရင်းနဲ့ သစ်ပင်အမြစ်ကိုခလုပ်တိုက်မိတာ လူကပက်လက်လန်လဲပြီးတော့ ကားအောက်ကိုရောက်ခါနီးပြီ


ရုတ်တရက်ဆိုတော့အရမ်းနာသွားပေမယ့် ကိုယ့်ဘာသာဘာဖြစ်လိုက်မှန်းမသိဘူး အရှေ့မှာရပ်နေတဲ့​ကားသမားလည်းကြောင်သွားပြီး ခဏနေမှဆွဲထူပေးဖြစ်တယ် အစ်မအရမ်းကံကောင်းတယ် ဂိတ်မှာရပ်ထားတဲ့ကားဖြစ်လို့ မှတ်တိုင်ကကားဆိုရင် ကားဘီးအောက်ရောက်နိုင်တဲ့


လူကဘည်းထူပူပြီးပိုက်ဆံအိတ်ထဲက ထွက်ကျတဲ့ပစ္စည်းတွေကောက်ထဲ့ နားကပ်လေးတစ်ဖက်ပါကျသွားတာ သူ့ကိုပိုက်ဆံပေး ကားပေါ်ဆွဲတက် ထိုင်ခုံရောက်မှနှလုံးခုန်မြန်နေတာသက်သာအောင်ရေသောက် နာနေတဲ့ခြေထောက်ကို ဘာမှမပါတော့ဗက်စလင်းအပြာလေးလူးပေးထားလိုက်ရော


ဘုရားကယ်လို့သာဒီလောက်နဲ့ပြီးသွားရတာပါ ဟိုဘက်လမ်းကူးတဲ့အချိန်မှာကားတိုက်မိရင် ပက်လက်မကျဘဲမှောက်ခုံသာကျခဲ့ရင်ဆေးရုံကိုရောက်နေလောက်ပါပြီ စိတ်လေးအေးချမ်းစွာနဲ့ဆွမ်းကပ်လှူခဲ့တဲ့ ဘုရားဝတ်ပြုခဲ့တဲ့ကံက ကျွန်တော့်ကိုကယ်သွားရတာပါ


သီတာမှတ်တိုင်ဆင်းတော့မှ ခြေထောက်ကနာပြီးရောင်ကိုင်းနေပြီ ဖိနပ်စီးဖို့ရောလမ်းလျှောက်ဖို့ရောအဆင်မပြေတော့ဘူး ၁၄၆လမ်းထိပ်ကဖိနပ်ဆိုင်မှာ ဆိုက်ကြီးတဲ့ဖိနပ်အပါးတစ်ရံဝင်ဝယ်စီးပြီး ပုပုတို့အိမ်မှာအင်္ကျီဝင်ယူ အဲ့မှာနာရီဝက်လောက်ထိုင်နေတော့ မနာတော့ဘူးဆိုတော့သက်သာသွားပြီပေါ့


သူ့အိမ်ကနေလမ်းထိပ်ကားမှတ်တိုင်သွားတော့ လမ်းမလျှောက်နိုင်တော့ဘူး ဆေးဆိုင်မှာဂဠုန်ရာဇာနဲ့ဒေါ်သောင်းစိန်ဝယ် ကားမှတ်တိုင်မှာဂဠုန်ရာဇာလူးထား​လိုက်တယ် ကားပေါ်ရောက်တော့ကံကောင်းလို့သာ နောက်ဖက်ခုံတန်းရှည်မှာ နှစ်နေရာပဲကျန်တော့တာ 


နေရာမှာထိုင်ကြမ်းပြင်မှာခြင်းနဲ့ဖိနပ်အဟောင်းအထုပ်ကိုချပြီး ဆေးထပ်လူးထားရပါတယ် ဆင်းခါနီးမှတ်တိုင်မရောက်ခင် နှစ်မှတ်တိုင်လောက်ထဲကတဖြေးဖြေးကြိုထွက်ထားရတယ် လမ်းလျှောက်တိုင်းနာနေတော့ လမ်းထိပ်ဆိုင်မှာခဏဝင်ထိုင် ပြီးတော့မှအိမ်ပြန်အဝတ်လဲဆေးလိမ်းပြီးဆိုင်လာထိုင်


အဲ့ဒီ့မှာ post တင်ပြီး ဖုန်းသုံးနေတော့ ညီမလေးအကောင့်ကိုတွေ့မိတာပါ လူ့ကိုထူပူသွားတာပါပဲ ကျွန်တော်ကအမှားလုပ်ထားတဲ့သူလေ ခြေထောက်ကအနာရော စိတ်ထဲကစိုးရိမ်မိတာရောက ရောထွေးကုန်ပါရော


ကျွန်တော်မကောင်းဘူးဆိုတာသိပါတယ် ကျွန်တော်လည်းလုံးဝမကြိုက်ပါဘူး ဘယ်လောက်တောင်မကြိုက်လည်းဆိုရင် အဲ့လိုလူမျိုးနဲ့နေရမှာစိုးလို့အလုပ်တောင်ထွက်မိပါတယ် အဲ့ဒီ့အချိန်မှာလည်းနင်ကရောလူကောင်းလားလို့မေးမိပါတယ်


ကျွန်တော်မကောင်းပေမယ့် ကာယကံရှင်ကိုရော သက်ဆိုင်သူတဖက်သားကိုရော မထိခိုက်စေချင်တာ စပြီးဖက်တွယ်မိတည်းက ကျွန်တော်မှန်သောစကားကိုဆိုမိတာပါ


တကယ်မောတယ်ဗျာ လူမောစိတ်မောဖြစ်ရပါတယ်ဗျာ ခင်ဗျားကို​သေးသေးလေးတောင် ထိခိုက်မခံစေချင်ဘူးဗျ ညီမလေးကိုလည်းထိခိုက်မှာကို စိုးရိမ်မိပ်တယ် ကျွန်တော့်လုပ်ရက်တွေက ထိခိုက်သွားမယ်လို့ထင်မိပါတယ်


မနေ့ညကလည်း ခြေထောက်တအားနာနေတာတောင် ဆေးမသောက်မိဘူး တနေ့လုံးနေတာတောင် ထမင်းတနပ်မစားဖြစ်ဘူး အစာမရှိတော့ဆေးမသောက်ရဲဘူး ဒေါ်သောင်းစိန်တွေတညလုံးလူးထားမိတယ် 


အနာအရှိန်နဲ့လူကချမ်းလာပြီး အဖျားတက်နေတာတောင် ဆေးထမသောက်မိဘူး စိတ်တွေကရှုပ်ထွေးနေမိတာလေ ကျွန်တော်မှားမှန်းသိတယ် ရပ်တန့်ဖို့လည်းအများကြီးကြိုးစားမိခဲ့ပါတယ် အဲ့လိုကြိုးစားခဲ့ပြီးရင် အရင်အခြေအနေထက်အဆပေါင်းများစွာ ပိုပိုပြီးဆိုးလာမိတာကို ကျွန်တော်ကြောက်နေမိတာပါ


မိန်းမဖြစ်ပြီးဘယ်လောက်တောင် ရွံ့ဖို့ကောင်းလည်းဆိုရင် တစ်ခါရပ်တန့်ပြီးရင်နောက်တစ်ခါကျရင် အရှက်သိက္ခာမကျန်တော့လောက်အောင် ဖက်တွယ်မိတာဖက်တွယ်ထားတာ မပြောရဲတဲ့အသုံးအနှုန်းမကျန်လောက်အောင် ပြောနေမိတာ ကျွန်တော်ရှက်မိပါတယ်ဗျာ


ညကတော်တော်နဲ့မအိပ်ဘူး သီချင်းတွေနားထောင်မိတော့လည်း တလွဲတွေကြီးပဲ စိတ်နဲ့ကိုယ်နဲ့မကပ်တာရော အနာအရှိန်ကြောင့်ရော သူခိုးလူမိသလိုခံသားချက်ကြီးဖြစ်နေတာရော ပင်ပန်းနေတဲ့အချိန် ကျွန်တော့်ကြောင့်စိတ်အနှောက်အယှက်ဖြစ်သွားရတဲ့ ခင်ဗျားကိုစိတ်ပူ​မိနေတာရော


ဟာဗျာ ဘာမှမပြောတက်တော့ပါဘူးဗျာ


ကျွန်တော့်စိတ်ကလေးကို ကြိုပြီးတော့ပြင်ဆက်ထားရတော့မယ် အရာရာတိုင်းကိုလက်ခံပေးနိုင်ဖို့အတွက်ပါ


နေ့တိုင်းဖုဌဿဂါထာတော် ၁၀၈ခေါက်ရွတ်ပြီး အေးချမ်းသောစိတ်နှလုံးကိုပိုင်ဆိုင်ရပါစေလို့ ဆုတောင်းနေပေမယ့် အခုထိကျွန်တော်ပူလောင်နေမိသေးပါတယ်ဗျာ။





ဒီလူ


 

ခလုပ်ထိမှ အမိတတဲ့ ကျွန်တော်လည်းဒီစကားပုံအတိုင်းပါပဲ အခုကြမှပိုက်ဆံကိုမစုခဲ့မိတာကို နောင်တအကြီးကြီးရနေမိပါတယ်..


ကျွန်တော်ချစ်တဲ့သူတွေအကုန်လုံးကို လူပင်ပန်းစိတ်ပင်ပန်းမဖြစ်စေရပဲ အဆင်ပြေစေချင်တာက ကျွန်တော့်မျှော်လင့်ချက်ပါ ကျွန်တော့်လိုအင်ဆန္ဒပါ အရာအားလုံးကိုအဆင်ပြေစေချင်တယ် မခက်ခဲစေချင်ဘူး


အဲ့ဒီ့လူတွေအကုန်လုံးကို လူအားငွေအားနဲ့ကူညီပေးချင်တယ် ဒါပေမယ့်လည်း ကျွန်တော်စုဆောင်းမှုကိုမနှစ်ကအထိ သေသေချာချာမလုပ်ခဲ့မိပါဘူး ဇီးရိုးဆက်တင်ဖြစ်သွားတဲ့အချိန်ကြမှ ကျွန်တော်တစ်ယောက်မူးစုပဲစုစပြီးလုပ်မိတာပါဗျာ


အခုဘာကိုနောင်တရ​မိနေတာလည်းဆိုရင် အခုလိုမျိုးအိမ်ကနေ တစ်လတစ်သိန်းနီးပါးမုန့်ဖိုးပေးနေသလိုမျိုးသာ ကျွန်တော်အဆင်ပြေခဲ့စဥ်အခါက ပိုက်ဆံကိုချွေတာပြီးသုံးခဲ့ရင် စုဆောင်းမှုကိုသာတိတိပပလုပ်ခဲ့ရင် အခုလိုစိတ်မကောင်းဖြစ်နေရမှာ မဟုတ်ပါဘူးဗျာ


အများကြီးမဟုတ်ပါဘူး ၂၀၂၁ နှစ်လည်ကနေ ၂၀၂၃ နှစ်ကုန်အထိ တစ်လနှစ်သိန်းစုခဲ့မိရင်တောင် သိန်း၆၀ဆိုတဲ့ပိုက်ဆံ ကျွန်တော့်လက်ထဲမှာရှိနေမှာပါ


အဲ့ဒီပမာဏက ကျွန်တော်ဖြည့်ဆည်းပေးချင်တဲ့အရာအတွက် အရာမရောက်နိုင်ပေမယ့် အရာထင်မယ်လို့တော့ ကျွန်တော်ထင်မိပါတယ်


ခင်ဗျားပင်ပန်းနေတာကို သိရတော့စိတ်မကောင်းဖြစ်ရတယ် ဘာမျှမလုပ်ပေးနိုင်တော့ ပိုပြီးဝမ်းနည်းမိပြန်တယ် အုတ်တစ်ချပ်မဖြစ်နိုင်ရင်တောင် သဲတစ်ပွင့်ဖြစ်ဖို့က ကျွန်တော့်ဆန္ဒပါ သဲတစ်ပွင့်တောင်မဖြစ်ခဲ့ရလို့ တကယ်ကိုတောင်းပန်ပါတယ်


နောင်တရနေမယ့်အစား နောက်နောင်မှာ သဲတစ်ပွင့်ဖြစ်ပေးနိုင်ဖို့အတွက် ကျွန်တော်လိမ္မာရတော့မယ်။