ပိုက်ဆံ



နေ့လည်ကအဆက်အသွယ်မလုပ်တာကြာပြီဖြစ်တဲ့ ၂၀၀၁ခုနှစ်တည်းက ရင်းနှီးခဲ့တဲ့သူငယ်ချင်းမစီဖုန်းဆက်မိလိုက်တယ် ဘာရည်ရွယ်ချက်မျှမရှိပါဘူး အိမ်ပြောင်းလာတဲ့အကြောင်းပြောပြချင်ယုံသပ်သပ်ပါ



သူ့ခမျာသဘောရိုးနဲ့ပြောသလား ကျွန်တော်ပိုက်ဆံအကူအညီတောင်းမယ်ထင်လို့များ ပြောသလားမသိပါဘူး စကားအစမှာတင်သူအဆင်မပြေဘူးဆိုတာကိုဆိုင်းမဆင့်ဘုံမဆင့်ပြောပြနေလိုက်တာ စိတ်ထဲမှာတော့အတော်လေးမကောင်းဖြစ်သွားရတယ် 



သြော် အဆက်အသွယ်မလုပ်တော့တဲ့သူကို ငါကဖုန်းစဆက်မိတာကို ငါဖုန်းမဆက်ရင်သူလည်း အခုလိုတွေပြောမှာမဟုတ်ဘူးဆိုပြီးပဲ သဘောထားလိုက်ပါတယ် မ င့်ကျက်ဘူးပဲဆိုပါစေ သူ့ဖုန်းနံပါတ်ကိုလည်းနောင်တချိန်မဆက်သွယ်မိအောင်ဖျက်ထားလိုက်ပါတယ်။



၂၀၂၄ခုနှစ်မှာဘဝကအတော်ကိုဆိုးခဲ့ပါတယ် နှစ်ကုန်ပြီးတော့အတိုးပေးရမယ့်ကိစ္စအတွက် မအေးတို့ကိုမျက်နှာပျက်ရမှာကြောက်လို့ တကယ်ကိုအခက်အခဲဖြစ်နေတာတောင် အမြဲအကူအညီပေးတဲ့မာလာနဲ့မချိုအိစီကိုအကူအညီမတောင်းဘဲ ညီမလေးယွန်းတစ်ယောက်စီကနေပဲ ငွေဆယ်သိန်းအကူအညီတောင်းခဲ့ဘူးပါတယ် 



အဲ့ဒီ့ကလေးကိုလည်းတကယ်ကိုကျေးဇူးတင်ရပါတယ် လုပ်ငန်းခွင်မှာအချိန်အကြာကြီးမဟုတ်ဘဲရင်းနှီးခဲ့တာတောင် ချက်ခြင်းကိုအကူအညီပေးခဲ့ပါတယ် ​အိမ်ဖိုးစရံငွေရပြီးကတည်းက ယွန်းကိုလည်းပြန်ဆက်ပြီးပါပြီ



လူတွေရဲ့ခင်မင်ရင်းနှီးမှုဆိုတာကို အချိန်ကာလာနဲ့မတိုင်းတာဘဲ ပိုက်ဆံနဲ့တိုင်းတာတက်တဲ့ လူတွေကိုတော့ကျွန်တော်ဝေးဝေးကနေပဲ ရှောင်ရှားလိုက်ပါတယ်။



ပိုက်ဆံဆိုတာကြီးက လူဆိုတာကိုပြောင်းလဲပေးနိုင်တယ်ဆိုတာကို သင်ခန်းစာရလိုက်တယ်ပဲ ကျွန်တော်သဘောထားလိုက်ပါတယ်ဗျာ။



Cosmos

 



ခင့်ဒိုင်ယာရီကိုရေးချင်တော့

တာရာမင်းဝေကိုရှာတယ်

အောင်ချိမ့်ကိုရှာတယ်

လှသန်းကိုရှာတယ်

သန်းတင့်ကိုရှာတယ်


နောက်ဆုံးတော့ မြင့်သန်းကိုရှာမိတယ်

တစ်ယောက်မှမတွေ့မိပါဘူးဗျာ။


ပျောက်သောသူရှာရင်တွေ့တဲ့

သူတို့ကိုရှာရင်းနဲ့ပဲ ဒင်္ဂါးပန်းတွေတွေ့မိလိုက်တယ်

cosmos တဲ့ တစ်ပြားသားမျှမလျော့ပါဘူး

မြန်မာပြည်ကြီးမှာတော့ ဒင်္ဂါးပန်းပဲဗျ။


စိတ်​ကောင်းလေးရှိလှလွန်းတော့ မဟုတ်ပါဘူး

ဒင်္ဂါပန်းအဝါရောင်ဆိုတာကို cosmos တွေကို 

အားရပါးရပြောပြချင်ပေမယ့်လည်း အားနာပါးနာနဲ့ 

အရောင်လေးဖြုတ်ပေးထားလိုက်ပါတယ်။


မိန်းမတွေတောင်ရုပ်ဆိုးတယ်ပြောရင် စိတ်ဆိုးကြတာပါပဲ 

cosmos တွေလည်း ဒင်္ဂါးပန်းပန်းရောင်ကြီးဆိုရင် 

သူ့ခမျာအားငယ်ရှာမှာပဲလေ 

ဟယ် ဒင်္ဂါးပန်းတွေ အဲ့ဒီ့လောက်ဆိုရပါပြီဗျာ။


အဝါရောင်ဒင်္ဂါးပန်းတွေ ပွင့်နေတဲ့အရပ်စီကိုတော့

ကျွန်တော်သွားပါအုန်းမယ်

မိန်းမပီပီသသ cosmos ပန်းရောင်တွေအကြောင်း 

အတင်းပြောပြရမှာပေါ့ဗျာ။


Henry - It's You (Lyrics)




မနေ့ညကအိပ်ခါနီး သီချင်းနားထောင်မိတယ် နားထောင်မိတာတော့ ၄၊၅ပုဒ်ပဲဗျ ဒါပေမယ့် Henry ရဲ့ It's You ကို နားထောင်ရင်းနဲ့ သဘောကျသွားတာ



သီချင်းတစ်ပုဒ်ကို တခြားခံစားချက်တစ်ခုခုမျှမပါဘဲ ဒီအတိုင်းသက်သက်သဘောကျရတာက တကယ်ကိုရိုးရှင်းပါတယ်ဗျာ သူ့စာသားထဲမှာလေနှင်ရာကိုမျောပါသွားရသလို မျောလွင့်ရတာလည်း feel တစ်မျိုးပဲဗျ



အဲ့သီချင်းပြီးဆုံးသွားတာနဲ့ အဲ့ဒီ့ခံစားချက်လည်း သူ့အလိုလိုရပ်တန့်သွားတာပါပဲ



ဒီညကျတော့ ခဏခဏနားထောင်မိပြန်ပါရော အဲ့ဒါနဲ့ post တင်ဖို့ Lyrics ကိုရှာမိတော့ တချိန်က လူတစ်ယောက်ကိုသဘောကျခဲ့မိလို့ Ali Gatie ရဲ့ It's You ကို post တင်ထားမိတာကို သတိရမိလိုက်တယ် 



လူတစ်ယောက်ကို သဘောကျလို့ နာကျင်ခဲ့ရလို့ ငိုခဲ့ရလို့ စာတွေအများကြီးရေးခဲ့ဘူးပါတယ် ဒါပေမယ့် အခုတော့အကုန်လုံးအတိတ်တွေဖြစ်သွားခဲ့ပါပြီ



ကျွန်တော်ပြန်မလာတော့ဘူးဆိုတာ သေချာသွားပေမယ့် နောင်တဆိုတာတော့ တကယ်မရှိတော့ပါဘူး



လူတစ်ယောက်ကို တကယ့်ကိုသဘောကျခဲ့မိလို့ ရူးရူးမိုက်မိုက်ချစ်ခဲ့ဘူးတယ်
ကျွန်တော့်ကိုမလိုအပ်မှန်းသိရက်နဲ့ နာနာကျင်ကျင်ဖက်တွယ်ခဲ့ဘူးတယ်
အချိန်ကာလများစွာစောင့်မျှော်နေခဲ့ဘူးတယ်
အဲ့ဒီ့အချိန်ကာလတွေမှာ လူ့ကျင့်ဝတ်ကိုချိုးဖောက်နေခဲ့ပြီး ကျွန်တော်မှားယွင်းခဲ့တယ်ဆိုရင်တောင် ကျွန်တော်ကျေနပ်ပါတယ်



ကျွန်တော်လုပ်နိုင်တဲ့ အတိုင်းအတာထက်ကျော်လွန်ပြီး  ကျွန်တော်လုပ်ခဲ့မိတာပါ



အခုအချိန်မှာတော့ သူနဲ့ကျွန်တော်နဲ့ဘယ်လိုမျှ မသက်ဆိုင်နိုင်တော့ဘူးဆိုတာကို တဖြေးဖြေးသိနားလည်လာလို့ အရာအားလုံးကို အရှိတရားအတိုင်းလက်ခံပေးထားလိုက်ပါပြီ 



သေချာတာတစ်ခုကတော့ ဘယ်လိုနည်းနဲ့မျှ သူ့ကို ပတ်သက်ဆက်နွယ်ဖို့ ကျွန်တော်အားထုတ်မှာမဟုတ်တော့ပါဘူး သူနဲ့ပတ်သက်တဲ့အရာအားလုံးကို ခံစားချက်အားလုံးကို ကျွန်တော်ရပ်တန့်ထားခဲ့ပြီးပါပြီ



တနေ့နေ့တချိန်ချိန်တော့ အနည်ထိုင်သွားပြီး အရာအားလုံးအဆင်ပြေသွားလိမ့်မယ်ထင်ပါတယ်ဗျာ အခုအခါမှာတော့ နာကျင်ရတဲ့အချိန်တစ်ခုတော့ ကျွန်တော်ဖြတ်သန်းရမှာပေါ့ဗျာ



ရေစက်ကုန်လို့ အရာအားလုံးပြီးဆုံးသွားရတာပါ ကျွန်တော်ကိုယ်ကျွန်တော် ပြောမိတဲ့စကားလုံးလေးပါ



သူနဲ့ကျွန်တော် အစကတည်းကရေစက်ရှိလို့ တွေ့ဆုံခဲ့ရတာမဟုတ်တာကို ကျွန်တော်သိထားပေမယ့် ကျွန်တော့်ဘာသာနှစ်သိမ့်ပေးတာဖြစ်လို့ ရေစက်ဆိုတာကြီးကိုနှစ်သိမ့်ခိုင်းမိတာပါဗျာ




ကျွန်တော်ပြန်မလာတော့ပါဘူး။

ခင်ဗျားဖုန်းနံပါတ်လည်း ဖုန်းမှာမမှတ်ထားတော့တာကြာပါပြီ

ခင်ဗျား Viber မှာ ရှိ၊မရှိကို ဝင်မကြည့်မိတော့ပါဘူး

Telegram က contact လည်း ဒီနေ့ဖျက်ထားလိုက်ပါပြီ

ကျွန်တော်အလွတ်ရနေတဲ့ဖုန်းနံပါတ်လည်း တနေ့နေ့တချိန်ချိန်ရောက်ရင် မေ့သွားမှာပါ

ခင်ဗျားကိုတွေ့နေမြင်နေရရင် နောက်တစ်ကြိမ်ပြန်ပြီး ငြိတွယ်နေမိမှာစိုးရိမ်လို့ ကျွန်တော် fb လည်း မသုံးဖြစ်တော့ပါဘူး 

ကျွန်တော် save ထားမိတဲ့ အမှတ်တရတချို့လည်း Gallery ထဲဝင်မကြည့်မိတာကြာပါပြီ တချိန်ကျရင် အကုန်လုံးဖျက်ပေးမှာပါ 



ကျွန်တော်ကနည်းနည်းစာအုပ်ကြီးဆန်လို့ လူတစ်ယောက်ရဲ့ကျင့်ဝတ်ကို အလေးထားပါတယ် 


အရင်တုန်းကတော့ အချိန်ကာလတစ်ခုရောက်ရင် ကျွန်တော်ပြန်ပြန်လာတက်လို့ ကျွန်တော်အလေးအနက်ပြောခဲ့ပါတယ် ကျွန်တော်တကယ်ကို ခင်ဗျားစီပြန်မလာတော့ပါဘူးဗျာ။


Suffering.

 

ဒုက္ခဆိုတာဘာလဲ?

ဒုက္ခကို အင်္ဂလိပ််လို suffering တဲ့။
ဗုဒ္ဓက ဒုက္ခဆိုပြီး ဘဝကို
ဟောကြားခဲ့တယ်။

ဒုက္ခဆိုတာ ကိုယ်၏ဆင်းရဲခြင်း၊
စိတ်၏ဆင်းရဲခြင်းကိုဆိုတယ်။

ဗုဒ္ဓက ဘဝဆိုတာ ဒုက္ခဆိုတဲ့
ဟောကြားမှုက ဘဝဆိုတာ
ဒုက္ခတွေပဲရှိတယ်လို့ဟောကြားခဲ့တာမဟုတ်ဘူး။

အဓိပ္ပာယ်က ဘဝမှာ
ကောင်းတဲ့အတွေ့အကြုံတွေဖြစ်တဲ့
ဝမ်းမြောက်ဝမ်းသာခြင်း၊
ပျော်ရွင်ခြင်း၊ တက်ကြွခြင်း၊
ကာမဂုဏ်အာရုံတွေက
အမြဲရှိနေမှာမဟုတ်ဘူး။
ခဏတာပဲ ခံတယ်။
ရေပွက်ပမာပဲလို့ဟောကြားခဲ့တာ။

ဒါကြောင့် ဗုဒ္ဓက equanimity
ဆိုတဲ့ အချက်ကို အဓိက ဟောကြားတယ်။
မြန်မာလို တိုက်ရိုက်ပြန်တဲ့စကားလုံးတော့
မတွေ့မိဘူး။
ယောနိသောမနသိကာရ ဆိုတဲ့
ပါဠိ စကားလုံးတော့ရှိတယ်။

အဓိပ္ပာယ်က ပြင်ပ ပယောဂ
ဘယ်လောက်ဆိုးဆိုး
တည််တည်ငြိမ်ငြိမ် အိန္ဒြေရှိရှိ
ဖြတ်သန်းတာ။
အတွင်းပိုင်း စိတ်အခြေအနေ
ဘယ်လိုရှိရှိ
သတိ၊ အသိနဲ့
တည််တည်ငြိမ်ငြိမ် အိန္ဒြေရှိရှိ
ဖြတ်သန်းတာ။

https://drphyopaing.com/%E1%80%92%E1%80%





အနည်မထိုင်နိုင်သေးတဲ့အတွက် တစ်ခါတလေဒုက္ခကို ပြန်ပြီးအစပျိုးဖို့အတွက် ကျွန်တော်ပြုမူမိပါတယ် ဒါပေမယ့်လည်း အသိမလွတ်သွားတဲ့အတွက် အစမပျိုးမိခင်မှာပဲ ကျွန်တော့်ကိုကျွန်တော်တားမြစ်နိုင်ခဲ့ပါတယ်။


အခုအချိန်မှာ ဘယ်သူ့ဘယ်သူအတွက်မျှမပြောပါနဲ့ ယုတ်စွအဆုံးကျွန်တော့်အတွက်တောင် ဒုက္ခဆိုတဲ့စကားလုံးကို မလိုချင်တော့ပါဘူးဗျာ တက်နိုင်သမျှ ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်း ကင်းဝေးအောင်နေနေပါတယ်


လူရယ်လို့ဖြစ်လာခဲ့ပြီး ဒုက္ခတွေကိုတခမ်းတနားမွေးမြူခဲ့ပြီးမျှ အခုကျမှကြောက်လှချီရဲ့လို့ အော်နေရကောင်းလား မေးကြမည့်သူတွေကများပါတယ်


ကြောက်လှချီရဲ့လို့ မကြာမကြာအော်မိခဲ့ပေမယ့် ကျွန်တော်ကိုယ်တိုင်ပဲ ဒုက္ခဆိုတာကို နောက်တဖန်ထပ်ပြီးအစပျိုးမိခဲ့တာ အကြိမ်ပေါင်းများလှပါတယ် ဒုက္ခတောထဲမှာ သံသရာလည်ပေါင်းလည်းများလှပါပြီ


ဒီတချိန်မှာတော့ ဒုက္ခသံသရာကနေ လွတ်မြောက်နိုင်ဖို့အတွက် အကြိမ်ကြိမ်အဖန်ဖန်အစပျိုးမိခဲ့တာတွေကို အဆုံးသတ်နိုင်မယ်ထင်ပါတယ်ဗျာ။


လူရယ်လို့ဖြစ်လာပြီး ကာယိကဒုက္ခရော စေတသိကဒုက္ခကိုရော မခံစားနိုင်တဲ့ကျွန်တော့်အတွက်တော့ လောကဓံတရားနဲ့ကြုံဆုံလာရတဲ့အခါတိုင်း ဖြေရှင်းနိုင်ဖို့အတွက်


ဆရာတော်ဘုရားတွေဆုံးမထားသလိုမျိုး ယောနိသော မနသိကာရ ဆိုတဲ့ မှန်မှန်ကန်ကန် နှလုံးသွင်းတက်တဲ့ စိတ်လေးကိုမွေးမြူထားဖို့လိုအပ်နေပါပြီ။