ဘယ်သူ့ကိုမျှ






 ခင်​ဗျားနဲ့ဘယ်လောက် ဝေးကွာသွားလည်းဆိုတာကိုလည်း ကျွန်တော်မတွေးတော့ပါဘူး 



ကျွန်တော့်ရင်ထဲမှာပဲ ခင်ဗျားဆိုတဲ့လူတစ်ယောက်ကို သိမ်းဆည်းထားလိုက်ပါပြီ 



တချို့ကိစ္စရပ်တွေက လောကကြီးက ဖြည့်ဆည်းပေးတယ်လို့ပဲ ကျွန်တော်ယုံကြည်ထားလိုက်ပါပြီ



ကျွန်တော်လက်မလျော့နိုင်တဲ့ ကိစ္စကို ခင်ဗျားဘက်ကနေ အဆက်အသွယ်လုံးဝ ဖြတ်ပေးသွားခဲ့လို့ ကျွန်တော်လက်လွတ်လိုက်ပါပြီ



နောင်တချိန် ပြန်တွေ့ခွင့်ရအုန်းမယ်ဆိုရင်တောင် ကျွန်တော်မတွေ့တော့ပါဘူး ကျွန်တော်ခင်ဗျားနဲ့ ဆုံစည်းဖို့ကို သတ္တိမရှိတော့ပါဘူး ခံနိုင်ရည်လည်းမရှိတော့ပါဘူး



နကိုတည်းက နေရဲတဲ့သတ္တိမရှိတဲ့ မိန်းမတစ်ယောက်အတွက် ထပ်ပြီးတော့ထားခဲ့မယ့်သူ ဘယ်သူ့ကိုမဆို ကျွန်တော်ဘက်ကနေ လှည့်ထွက်လိုက်တာက ကျွန်တော်မှန်မယ် ထင်ပါတယ်



ဘယ်သူ့ကိုမျှ အပြစ်မတင်တော့ပါဘူး ကျွန်တော်ဆိုတဲ့ မိန်းမတစ်ယောက်က ယောင်္ကျားတစ်ယောက်စီက အကြင်နာတရားကို မျှော်လင့်ခဲ့မိတာကြီးက ရူးမိုက်ရာကျခဲ့တာပါဗျာ။






ဆရာတို့မိသားစု ချစ်ခန့်လေးကျောင်းကိစ္စနဲ့ စင်ကာပူသွားတဲ့အချိန်မှာ အစ်မအမေနဲ့အတူတူ ခဏလာနေပေးဖြစ်တော့ ကိုကို့အခန်းမှာနေဖြစ်ပြန်တယ် 


ဘဝမှာ ကိုကိုလို့ခေါ်ဘူးချင်ပေမယ့်လည်း အပြင်မှာတစ်ခွန်းတောင် ခေါ်ခွင့်မရှိတော့တဲ့ လူတစ်ယောက်ရှိခဲ့တော့ ကိုကို့အခန်းမှာအိပ်တဲ့အချိန်မှာ အဲ့ဒီ့လူကို ကျွန်တော် အများကြီးသတိရမိပြန်တယ်..



ဇရာ



 

နေမကောင်းမဖြစ်ချင်ပါဘူး ခင်ဗျားကိုသတိရစိတ်က ပိုပြီးဆိုးလာလို့ပါ ခင်ဗျားကို မုန်းတာလည်းမဟုတ်ဘူး မေ့လိုက်တာလည်းမဟုတ်ပါဘူး ခင်ဗျားရွေးချယ်သွားတဲ့လမ်းက ကျွန်တော့်အတွက်မှန်တယ်လို့ပဲ လက်ခံထားလိုက်ပါပြီ။



ခန္ဓာကိုယ်ကို အစားနဲ့မတည်ဆောက်ပဲ အိပ်ချိန်နဲ့တည်ဆောက်မိလို့ နှစ်လကျော်လာတဲ့အချိန်မှာ ဇရာကသတိပေးလာတယ် 



အားဆေးကိုလည်း တပတ်တစ်ရက်ပဲသောက်ဖြစ်တော့ အိပ်ရေးမဝတဲ့ မိုးမိတဲ့ဒဏ်က ၄၀ကျော်ကျွန်တော့်အတွက် period time မှာ အတော်လေးကို လူကိုဆွဲချလိုက်သလိုပါပဲ 



ဒီအတိုင်းပါပဲ နေမကောင်းဖြစ်တော့ စိတ်ကလေးအနည်းငယ်ညစ်လာလို့ စာကောက်ရေးဖြစ်တာပါ ဘုရားရှိခိုးပြီး အိပ်ပါပြီဗျာ။






မနေ့ညကဘုရားရှိခိုးရင်းနဲ့ မျက်စိထဲပြာကနဲဖြစ်သွားတော့ ဆက်မရှိခိုးနိုင်တော့ဘူး ဒီနေ့လည်း ထမင်းစားပြီးတာနဲ့ အိပ်တော့မှာဆိုတော့ ဘုရားရှိခိုးပျက်ရပြန်ပြီ ဇရာကသတိပေးနေတာပါဗျာ



မနေ့ညကမိုးနည်းနည်းမိသွားတော့ ခေါင်းကိုက်နေရော အိမ်ရောက်တော့ဖုန်းသုံးတာ ၁နာရီလောက်ဖြစ်သွားတယ်


ညစာစားပြီးတော့ ခေါင်းပိုကိုက်လာတာနဲ့ ဆေးသောက်ထားလိုက်တယ် နာရီဝက်လောက်နေတော့ ဘုရားရှိခိုးရင်းနဲ့ မျက်လုံးထဲပြာကနဲဖြစ်သွားတော့ မမကသွေးချိန်ပေးတယ် ၉၈/၆၀ သွေးတိုးတဲ့သူက သွေးနည်းနည်းကျတာကို မခံနိုင်ဖြစ်သွားရတာပါ


ဆေးလည်းထပ်မသောက်ရဲတော့ ဘုရားဆက်မရှိခိုးနိုင်တော့ပဲ အိပ်လိုက်တယ် အရင်ကနေမကောင်းဖြစ်ရင် အလှမပြင်ချင်တော့ပေမယ် အခုကတော့ အသက်နဲ့မက လှချင်လာတဲ့ရောဂါက  Level up  လာတော့ နေမကောင်းဖြစ်လည်း အလှပြင်မပျက်ပါဘူးဗျာ


အစ်ကိုကြီးပြောခဲ့သလို မိန်းမတွေအသက်ရလာရင် ရင့်ကျက်တည်ငြိမ်သွားတာနဲ့ အကဲဆက်လာတာပဲရှိတယ်ဆိုတော့ ကျွန်တော်က ဒုတိယအမျိုးအစားထဲပါသွားရတာပါ


မနေ့ကရုပ်နဲ့ဒီနေ့ရုပ်မတူဘူးဆိုတဲ့ ဇရာသဘောကိုလည်း အသိရှိပါတယ် ဒါပေမယ့်လည်း လှတပတလေးနေချင်တဲ့ စိတ်ကလေးကလည်းရှိတော့ စိတ်နှစ်ခုလုံးဒွန်တွဲဖြစ်ပေါ်နေတာပါ။






သတိရတယ်



 

မနေ့ညကဘားအံခရီးစဥ်မှာ တွေ့ခဲ့ရတဲ့ ညီမလေးမျိုးက ဤသို့ပြုရထဲက စာသားတစ်ချို့ကို post တင်ထားတယ်



ဘာရယ်မဟုတ်ပါဘူးဗျာ သီချင်းကိုရှာပြီး နားထောင်မိတော့ အများကြီးခံစားလိုက်ရတယ် သီချင်းထဲက အစ်ကိုဆိုတာက ကျွန်တော်ဖြစ်သွားရတာလေ 



သီချင်းနားထောင်ပြီးတော့ ၁၅မိနစ်လောက် ကျွန်တော်မျက်ရည်ကျမိပြန်တယ်ဗျာ ဒီနေ့လည်း စာရေးရင်းနဲ့မျက်ရည်ကျမိပြန်တယ်



အဲ့ဒါနဲ့ပဲ ဘုရားရှိခိုးအချိန်နောက်ကျ အိပ်ချိန်နောက်ကျရပြန်တယ်



ခင်ဗျားကို အခုရက်ပိုင်းပိုပြီးတော့ သတိရမိတယ် ကျွန်တော် နေမကောင်းဖြစ်နေတာလည်း ပါပါမယ် ဒါပေမယ့် သတိရတယ်ဆိုတဲ့နေရာမှာပဲ ရပ်တန့်ထားလိုက်ပါတယ်



ကျွန်တော်နာကျင်ရတာကို တကယ်ကို မကြိုက်ပါဘူးဗျာ။



နောက်ဘဝတော့ ဖြစ်နိုင်ရင် မတွေ့ဖို့ ရွေးမယ် 



ဆိုတော့ ဆုတောင်းလေးတော့ ကျွန်တော်ဆုမတောင်း ရဲပါဘူး အရင့်အရင်ဘဝတွေက ဆုတောင်းမှားခဲ့လို့သာ အခုဘဝမှာ ကျွန်တော်နာကျင်ရတာ ကျွန်တော်အမှားတွေလုပ်မိနေတာပါ ဗျာ



ဘားအံမှာစပြီးကတည်းက မိဘနှစ်ပါးကို အလုပ်အကြွေးပြုနိုင်သော ကျေးဇူးဆပ်နိုင်သော ဗုဒ္ဓသာသနာကို စောင့်ရှောက်နိုင်သော ချီးမြှောက်နိုင်သော နိဗ္ဗာန်ကို လျှင်မြန်စွာမျက်မှောက်ပြုနိုင်သော ဆိုတဲ့ ဆုတောင်းကိုပဲ ကျွန်တော်တောင်းမိပါတယ်



နမောဗုဒ္ဓဿအရဟံသိဒ္ဓိကို ပုတီးပြန်စိတ်ဖြစ်တော့လည်း စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲခြင်း ကင်းဝေး၍ နှလုံးစိတ်ဝမ်းအေးချမ်းရပါစေဆိုတဲ့ ဆုတောင်းတစ်ခုသာလျှင် ကျွန်တော်ဆုတောင်းပါတယ်။


မိုးမနက် အိမ်မက်



မနက်မိုးလင်းခါနီး ခင်ဗျားကိုအိမ်မက်မက်တယ် ခင်ဗျားက Viber ကနေစကားလာပြောတာပါ 


Jet လေယာဥ်တွေလို လွတ်လွတ်လပ်လပ်ပဲ ပျံသန်းချင်တော့တယ် ခင်ဗျားကိုမဖက်တွယ်ပါနဲ့တဲ့ ကျွန်တော်လည်း ၆လလုံးလုံး ကျွန်တော့်ကိုလုံးဝမဆက်သွယ်တော့ဘဲ blocked သွားခဲ့လို့ ခင်ဗျားကိုဆက်ပြီးမဖက်တွယ်တော့ပါဘူးလို့ ကတိပေးလိုက်ပါတယ်


တပ်ကနေခင်ဗျားရဲ့ uniform နဲ့ ပုံက်ိုလည်းပို့ပေးပါတယ် အသားတွေဖြူပြီး ဆံပင်တွေလည်းပိုထူလာတယ် အရင်ကထက်အများကြီးပိုချောလာပါတယ် ပြီးတော့ညီမလေးပုံလည်းပို့ပေးတယ် ညီမလေးအပြင် သမီးနဲ့နောက်ထပ်အမျိုးသမီးတစ်ယောက်လည်းပါတယ် ညီမလေးပုံက ကျွန်တော်တစ်ခါမျှမတွေ့ဘူးတဲ့ အမျိုးသမီးပါ သမီးတစ်ယောက်ကိုပဲ ကျွန်တော်မှတ်မိတာပါ


ပြီးတော့ခင်ဗျားရတရောက်သွားပါတယ် အိမ်မက်ထဲမှာတင်ရတရောက်သွားလို့ ကျွန်တော်အံသြမိနေတာပါ ဘုရားတရားလုပ်ဖို့ကျွန်တော့်ကို ပုတီးတစ်ကုံးပေးတယ် အနားမှာရှိတဲ့ဗိုလ်ကြီးကိုမေးတော့ ခင်ဗျားစိတ်နေကျပုတီးမဟုတ်ဘူး ယူလို့ရပါတယ်အစ်မလို့ ပြောတာနဲ့ ကျွန်တော်ယူခဲ့လိုက်တယ်


ရတမှာလည်း လခရကိုအသင့်ပြင်ထားပြီး ရသနဲ့ထိတွေ့မှုမှာအနိုင်ရအောင် အဆင်သင့်ပြင်ထားတာကိုလည်း တွေ့ရပါတယ် ပြီးတော့အိမ်မက်ထဲမှာတင် တပ်ကိုပြန်ရောက်သွားပြန်ရော အဲ့ဒီ့မှာကျွန်တော်နိုးလာတာပါ


အရင်လိုခင်ဗျားသတိရလို့များ အိမ်မက်မက်တာလား ကျွန်တော်စိတ်စွဲနေလို့များ အိမ်မက်မက်တာလားဆိုတာကို မတွေးတော့ပါဘူး


လွတ်လွတ်လပ်လပ်နေချင်တဲ့သူကိုလည်း ဆက်ပြီးတော့မဖက်တွယ်တော့ပါဘူးဗျာ အိမ်မက်ထဲအထိတောင် ကျွန်တော့်ကိုလာပြောလို့ နိုးလာတော့စိတ်မကောင်းဖြစ်ရပါတယ်


အိမ်မက်ထဲမှာ ပုံပို့ပေးလို့အံသြမိပါတယ် ရတမှာလည်းလူချင်းတွေ့ရလို့ ပိုပြီးထူးဆန်းမိတယ် ကျွန်တော်ဘာ​တွေများဖြစ်နေတာလည်း မသိတော့ပါဘူးဗျာ


ပုတီးမစိတ်ဖြစ်တာတော့ ကြာပါပြီ ၂၉ရက်နေ့ထဲကစပြီး မဟာသမယသုတ်ကို နေ့တိုင်းရွတ်ဖြစ်ပါတယ် ၈ရက်နေ့နဲ့၁၂ရက်နှစ်ရက်ကတော့ နေမကောင်းလို့မရွတ်ဖြစ်ပါဘူး ဒီညကစပြီး နမောဗုဒ္ဓဿ အရဟံသိဒ္ဓိကို ပုတီးပြန်စိတ်ပါမယ်ဗျာ


ကျွန်တော့်ကိုစိတ်မပူပါနဲ့ အလုပ်ဝင်နေတော့ အရင်လို ကိုယ်ပိုင်ချိန်မရှိသလောက်ဖြစ်တော့ အိပ်ချိန်တောင်လုနေရတာပါ ဘုရားတော့ရှိခိုးဖြစ်ပါတယ် ပိုက်ဆံစုနေတယ် မြန်မာပြည်ထဲခရီးထပ်သွားဖို့အတွက် နေ့တိုင်းလှလှပပလေးနေပါတယ် နေမကောင်းတဲ့ရက်တောင် အလှပြင်ပြီးအလုပ်သွားပါတယ် စာတွေလည်းအချိန်ရသလိုရေးမှာပါ 


ခင်ဗျားစီကိုလည်း ပြန်မလာပါတော့ဘူးဗျာ ၆လဆိုတဲ့အချိန်အတွင်းမှာ ကျွန်တော် အများကြီးအများကြီးကို နာကျင်ခဲ့ရလို့ ခင်ဗျားကိုရင်ထဲမှာပဲ သိမ်းထားပါတော့မယ်


ခင်ဗျားကိုသတိရမိတိုင်း ထပ်ခါထပ်ခါသတိပေးထားပါတယ် နင်ထပ်ပြီးတော့နာကျင်အုန်းမလား ဆိုတာကိုပါ အသက်ကြီးလာတော့ လောကဓံကိုရင်မဆိုင်ရဲတော့ပါဘူး တက်နိုင်သမျှစိတ်ကလေးကို အေးအေးချမ်းချမ်းနဲ့ ကျန်ရှိတဲ့ဘဝသက်တမ်းကို ဖြတ်သန်းသွားမှာပါဗျာ



အိမ်ရောက်တော့မှ ထပ်ရေးတော့မယ်ဗျာ ညကအိမ်မက်မက်တာကို မနက်ကတည်းကစာရေးချင်တာနဲ့ အိမ်ရောက်ရင်မရေးဖြစ်မှာစိုးလို့သာ အလုပ်ကပြန်တဲ့အချိန်ကားပေါ်မှာရေးရတာပါ ဗိုလ်တထောင်ကနေအိမ်ကို ၁နာရီခွဲလောက်ကားစီးရတော့ နာရီဝက်ကျော်လောက် ဘုရားစာမရွတ်ဘဲအရင်နေ့တွေလို မအိပ်တော့ဘဲ ရေးရတာပါဗျာ



အိမ်ရောက်တော့ ပုံပို့ပေးတာကို စိတ်ပူသွားမိတာနဲ့ ရုံးဖုန်းနဲ့ ခင်ဗျား Viber ကိုကြည့်မိပါတယ် Last seen 7 minutes ago မြင်တော့ စိတ်အေးသွားရပါတယ်



တနေ့တော့ လှုပ်ခတ်နေပြီးဂယက်ထနေဆဲ ကျွန်တော့်ခံစားချက်တွေဟာ နက်ရှိုင်းတဲ့နှလုံးသားတနေရာမှာ အနည်ထိုင်သွားမယ်လို့ပဲ မျှော်လင့်ထားမိပါတယ်။




နေမကောင်းတာတောင် လှလှပပလေးနေပြီး အလုပ်လာဖြစ်ပါတယ်။


Road to Hpa_An.






ဘားအံခရီးစဥ် Day 1


ဒီနေ့ညနေသဲသဲကို Spa မှာ အမွှေးသွားညှပ်တာစောင့်ရင်းနဲ့ ဒီ post ကိုရေးဖြစ်တာပါ ကျွန်တော်မှသွားမညှပ်ပေးရင် သူလည်းအမွှေးတွေရှည်နေတော့ စိတ်ရှုပ်နေရတာကိုသနားတာနဲ့ မအားတဲ့ကြားကနေသွားပေးလိုက်တာပါ


ဘားအံကပြန်လာပြီးတော့ ၁၄ရက်နေ့ညကျရင်ရေးမယ်လုပ်ထားတာကို ၁၅ရက်နေ့မနက်မှာ ဇီးရိုးမိုင်မှာဆရာတို့နဲ့ EV ကားသွားပြီးပို့ပေးဖြစ်တာနဲ့ မရေးဖြစ်တာပါ ပိတ်ရက်ရေးမယ်လို့တွေးထားပေမယ့် 


တပတ်တစ်ရက်ပိတ်တဲ့ Sunday ပိတ်ရက်က အဝတ်လျှောမီးပူတိုက် အဝတ်လှန်းအဝတ်ရုတ် ဆိုင်ခဏထိုင်ပေးတာနဲ့တင် ည၇နာရီထိုးသွားတော့ ဘုရားသွားဖို့လည်းမသွားဖြစ် ဆိုင်မှာခေါင်းလျှော်ဖို့နဲ့ ခြေသည်းနီဆိုးဖို့လည်း ဒီတပတ်တော့ဝေးရပြန်ပါပြီဗျာ စာရေးဖြစ်တာတောင်ကံကောင်းတာပါ


ဇွန်လ၂၉ရက်နေ့ခရီးသွားဖို့အတွက်စီစဥ်ထားတာက မန္တလေး၊ကျောက်ဆည်၊ပြင်ဦးလွင် ခရီးစဥ်က ဇူလိုင်၁၀ရက်နေ့ကနေ ၁၇ရက်နေ့ထပ်ရွေ့သွားတော့ အလုပ်ဝင်ရမှာကိုထပ်ရွေ့ဖို့မသင့်တော်တော့ဘူးဆိုတော့ ၁၀ရက်နေ့ The Unlock နဲ့ ပုဂံသွားမှာကနေနောက်ဆုံးခုံတန်းဖြစ်နေတော့ ၈ရက်နေ့ကျမှလှမ်းပြီးစုံစမ်းဖြစ်တဲ့ ဦးသန်းဌေးတိုးနဲ့ ဘားအံကို ၁၁ရက်နေ့သွားဖြစ်သွားတာပါ


မနက်၅နာရီ၈မိုင်သမားတော် ဆေးခန်းကနေစောင့်ရမှာဆိုတော့ ၉ရက်နေ့ထဲက Grab ရှိ၊မရှိ မနက်၄နာရီထပြီးကြည့်နေရရော ၁၁ရက်မနက်၄နာရီခွဲ  Grab ခေါ်တော့ ဘုရားတနေရတယ် လက်မခံမှာကြောက်လို့


အဖေကတော့စိတ်မချလို့ ၈မိုင်အထိလိုက်ပို့ပေးမယ်ပြောပေမယ့် အဖေအပြန်ကိုစိတ်မချတာနဲ့ သမီးသွားရဲပါတယ်ဆိုပြီးထားခဲ့လိုက်ရော အမှန်က၈မိုင်စုရပ်ကိုအဲ့လောက်အစောကြီး တစ်ခါမျှမသွားခဲ့ဘူးတော့ လူပြတ်မှာကိုစိုးရိမ်နေမိတာပါ 


တိုးဂိုက်အစ်ကိုကလည်း တစ်ယောက်တည်းလိုက်မှာဖြစ်လို့ အောင်ဆန်းကွင်းကနေ ကားစထွက်တည်းက ကျွန်တော်ကျန်ခဲ့တာမဖြစ်အောင် ဖုန်းခေါ်ပြီးကားရောက်တဲ့နေရာကို လှမ်းပြောပေးနေတာပါ တော်ပါသေးရဲ့ ၄နာရီ၄၅မိနစ်ရောက်တဲ့အချိန် ၈မိုင်စုရပ်မှာတခြားခရီးသွားကားတွေရဲ့ စောင့်နေတဲ့လူအုပ်ကြီးကိုတွေ့လိုက်ရမှ တော်ပါသေးရဲ့စိုးရိမ်စရာမရှိဘူးဆိုပြီး စိတ်ပူတာတွေလျော့သွားပါတယ်


မနက်၅နာရီကျော် တိုးကားတွေတစ်စီးပြီးတစ်စီးရောက်လာတဲ့အချိန်မှာပဲ ဦးသန်းဌေးကားကြီးရောက်လာပါတယ် တိုးဂိုက်အစ်ကိုရဲ့ကျေးဇူးနဲ့ ခုံနံပါတ်၃၆ပဲရထားတာကို ခုံနံပါတ်၁၆ ပြတင်းပေါက်ဘေးခုံမှာ ခရီးစဥ်တစ်ခုလုံး ငေးချင်ရာငေးဆွေးချင်ရာဆွေးပြီး သက်တောင့်သက်သာစွာနဲ့ထိုင်ရပါတယ်ဗျာ 


( ၈မိုင်အဆင်းမှာ တောင်ငူကညီမလေးဝေအထုတ်ကျန်ခဲ့တာကို ကူညီပြီးအိမ်ကိုသယ်လာပေးရတာနဲ့ ကိုအောင်ကိုယုကိုကျေးဇူးတင်စကားတောင်မဆိုခဲ့ရပါဘူး နောက်ခရီးစဥ်ဦးသန်းဌေးနဲ့ပဲ ထပ်သွားဖြစ်မှာဆိုတော့ ထပ်တွေ့ဖြစ်ခဲ့ရင်တော့ ကျေးဇူးတင်ကြောင်းကို သေချာကိုပြောပါမယ်ဗျာ )


ဒီအပိုင်းကတော့ သဲသဲနဲ့ပြန်လာပြီး ညနေဘက်ဆိုင်မှာထိုင်ရင်းနဲ့ဆက်ရေးဖြစ်တာပါ ရန်ကုန်မှာမိုးဆက်နေတာတပတ်ကျော်ပြီဆိုတော့ စျေးကလည်းအရောင်းပါးနေတာပေါ့ဗျာ


ခရီးသွားရင် ကန်တော့ပါရဲ့ ဆီးကိုအကြာကြီးအောင့်မထားနိုင်တာက အတော့်ကိုဒုက္ခရောက်ရပါတယ် မနက်၄နာရီကျော်ထဲကနေ ထိန်းထားရတဲ့ဆီးအိမ်မှာ ဇီးရိုးမိုင်အကျော်ရောက်တော့ ဘယ်လိုမှထိန်းထားလို့မရတော့ပါဘူး ကားကနီးစပ်ရာကျန်းမာရေးကိစ္စဖြေရှင်းနိုင်မယ့် ဘုရားစေတီမှာရပ်ပေးပေမယ့် မနက်အစောဖြစ်နေတော့ ခြံဝန်းတံခါးကသော့ခတ်ထားတော့ ကျွန်တော်အပါအဝင်တစ်ဖွဲ့လုံး ဟာကနဲဖြစ်ရပြန်ရော


ဦးသန်းဌေးလုပ်ငန်းအတွက် တိုးကားသွားဝယ်ယူတဲ့အစ်ကို ကိုဝင်းထွန်းနဲ့ချိန်းထားတဲ့ ၃၉မိုင်စုရပ်ရောက်မှပဲ ကလောမြေမှာကျန်းမာရေးကိစ္စကိုဖြေရှင်းရပါတယ် မနက်၈နာရီကျော်၃၉မိုင်ကိုအမြန်ရောက်ဖို့ ဘုရားအဆူဆူကိုတပြီးတော့ စိတ်ကိုအာရုံလွှဲခဲ့ရတာလည်း အမှတ်တရပါဗျာ 


ကလောမြေမှာကိုယ့်အစီအစဥ်နဲ့ကိုယ် မနက်စာစားပြီးတော့ ဘားအံကိုခရီးဆက်ထွက်လာပါတယ် ခရီးသွားရင်ဝမ်းပျက်ဝမ်းလျောဖြစ်မှာစိုးလို့ ဆရာနဲ့အစ်မတို့မိသားစုနဲ့ ၂၀၁၂ခုနှစ်ကစပြီးခရီးသွားဖြစ်တိုင်း လမ်းခရီးမှာဆရာက သူ့တပည့်တွေကို ထမင်းဆီဆမ်း၊ထမင်းကြော်ကို ကြက်ဥကြော်၊အသားကြော်တစ်မျိုးမျိုးနဲ့စားခိုင်းပြီး လက်ဖက်ရည်ကော်ဖီသာသောက်ခိုင်းခဲ့တော့ တစ်ယောက်တည်းခရီးသွားတဲ့အချိန်မှာလည်း ဘေးကင်းတာပဲစားတက်သွားပါတယ်


လမ်းမှာတော့ကျန်းမာရေးကိစ္စအတွက် ကျိုက်ထိုကဆိုင်တစ်ဆိုင်မှာ နေ့လည်၁၁နာရီကျော်လောက်မှာ ခဏရပ်ပေးပါတယ် အဲ့ကနေခရီးဆက်ခဲ့တာ ဘားအံကိုနေ့လည်၁၂နာရီ​ခန့်မှာရောက်ပါတယ် အချိန်တွေကအလွတ်ရတာမဟုတ်ဘူးဗျ တနေရာရောက်ရင် အိမ်ကိုဖုန်းလှမ်းပြောနေကျဆိုတော့ call list ကိုပြန်ကြည့်ပြီးရေးတာပါဗျာ


စစ်တောင်းတံတားအကျော်ကတည်းက တိမ်ညိုတွေအုံ့ဆိုင်းနေတဲ့ရာသီဟာ ဇွဲကပင်မြေကနေကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကနေစပြီး သည်းသည်းမည်းမည်းရွာသွန်းလိုက်တာ ဇူလိုင်လ ၁၁ရက်နေ့နေလည်ကနေ ဘားအံကနေပြန်တဲ့ ၁၃ရက်နေ့ မနက်ပိုင်းအထိပါပဲဗျာ


မနက်ဖြန်အလုပ်သွားရမှာဆိုတော့ နောက်တပတ် Sunday ကျမှပဲ ဆက်ရေးတော့မယ်ဗျာ။




Sorry ပါဗျာ အခုတလော Rush ဖြစ်နေလို့ online မှာ အချိန်မပေးနိုင်တော့လို့ ဘားအံခရီးစဥ်လေးကိုတော့ ဆက်ပြီးတော့ ပြီးအောင်ရေးပြီးရင် စာတွေအများကြီးအရင်လို မရေးဖြစ်လောက်တော့ဘူးဗျာ



နောက်ပိုင်းကျရင် တစ်လကို post နှစ်ခု၊သုံးခုလောက်တော့ ကျွန်တော်ကြိုးစားပြီးရေးကြည့်အုန်းမယ်ဗျာ blog က ကျွန်တော့ကမ္ဘာကြီးလေဗျာ..