Road to Hpa_An.






ဘားအံခရီးစဥ် Day 1


ဒီနေ့ညနေသဲသဲကို Spa မှာ အမွှေးသွားညှပ်တာစောင့်ရင်းနဲ့ ဒီ post ကိုရေးဖြစ်တာပါ ကျွန်တော်မှသွားမညှပ်ပေးရင် သူလည်းအမွှေးတွေရှည်နေတော့ စိတ်ရှုပ်နေရတာကိုသနားတာနဲ့ မအားတဲ့ကြားကနေသွားပေးလိုက်တာပါ


ဘားအံကပြန်လာပြီးတော့ ၁၄ရက်နေ့ညကျရင်ရေးမယ်လုပ်ထားတာကို ၁၅ရက်နေ့မနက်မှာ ဇီးရိုးမိုင်မှာဆရာတို့နဲ့ EV ကားသွားပြီးပို့ပေးဖြစ်တာနဲ့ မရေးဖြစ်တာပါ ပိတ်ရက်ရေးမယ်လို့တွေးထားပေမယ့် 


တပတ်တစ်ရက်ပိတ်တဲ့ Sunday ပိတ်ရက်က အဝတ်လျှောမီးပူတိုက် အဝတ်လှန်းအဝတ်ရုတ် ဆိုင်ခဏထိုင်ပေးတာနဲ့တင် ည၇နာရီထိုးသွားတော့ ဘုရားသွားဖို့လည်းမသွားဖြစ် ဆိုင်မှာခေါင်းလျှော်ဖို့နဲ့ ခြေသည်းနီဆိုးဖို့လည်း ဒီတပတ်တော့ဝေးရပြန်ပါပြီဗျာ စာရေးဖြစ်တာတောင်ကံကောင်းတာပါ


ဇွန်လ၂၉ရက်နေ့ခရီးသွားဖို့အတွက်စီစဥ်ထားတာက မန္တလေး၊ကျောက်ဆည်၊ပြင်ဦးလွင် ခရီးစဥ်က ဇူလိုင်၁၀ရက်နေ့ကနေ ၁၇ရက်နေ့ထပ်ရွေ့သွားတော့ အလုပ်ဝင်ရမှာကိုထပ်ရွေ့ဖို့မသင့်တော်တော့ဘူးဆိုတော့ ၁၀ရက်နေ့ The Unlock နဲ့ ပုဂံသွားမှာကနေနောက်ဆုံးခုံတန်းဖြစ်နေတော့ ၈ရက်နေ့ကျမှလှမ်းပြီးစုံစမ်းဖြစ်တဲ့ ဦးသန်းဌေးတိုးနဲ့ ဘားအံကို ၁၁ရက်နေ့သွားဖြစ်သွားတာပါ


မနက်၅နာရီ၈မိုင်သမားတော် ဆေးခန်းကနေစောင့်ရမှာဆိုတော့ ၉ရက်နေ့ထဲက Grab ရှိ၊မရှိ မနက်၄နာရီထပြီးကြည့်နေရရော ၁၁ရက်မနက်၄နာရီခွဲ  Grab ခေါ်တော့ ဘုရားတနေရတယ် လက်မခံမှာကြောက်လို့


အဖေကတော့စိတ်မချလို့ ၈မိုင်အထိလိုက်ပို့ပေးမယ်ပြောပေမယ့် အဖေအပြန်ကိုစိတ်မချတာနဲ့ သမီးသွားရဲပါတယ်ဆိုပြီးထားခဲ့လိုက်ရော အမှန်က၈မိုင်စုရပ်ကိုအဲ့လောက်အစောကြီး တစ်ခါမျှမသွားခဲ့ဘူးတော့ လူပြတ်မှာကိုစိုးရိမ်နေမိတာပါ 


တိုးဂိုက်အစ်ကိုကလည်း တစ်ယောက်တည်းလိုက်မှာဖြစ်လို့ အောင်ဆန်းကွင်းကနေ ကားစထွက်တည်းက ကျွန်တော်ကျန်ခဲ့တာမဖြစ်အောင် ဖုန်းခေါ်ပြီးကားရောက်တဲ့နေရာကို လှမ်းပြောပေးနေတာပါ တော်ပါသေးရဲ့ ၄နာရီ၄၅မိနစ်ရောက်တဲ့အချိန် ၈မိုင်စုရပ်မှာတခြားခရီးသွားကားတွေရဲ့ စောင့်နေတဲ့လူအုပ်ကြီးကိုတွေ့လိုက်ရမှ တော်ပါသေးရဲ့စိုးရိမ်စရာမရှိဘူးဆိုပြီး စိတ်ပူတာတွေလျော့သွားပါတယ်


မနက်၅နာရီကျော် တိုးကားတွေတစ်စီးပြီးတစ်စီးရောက်လာတဲ့အချိန်မှာပဲ ဦးသန်းဌေးကားကြီးရောက်လာပါတယ် တိုးဂိုက်အစ်ကိုရဲ့ကျေးဇူးနဲ့ ခုံနံပါတ်၃၆ပဲရထားတာကို ခုံနံပါတ်၁၆ ပြတင်းပေါက်ဘေးခုံမှာ ခရီးစဥ်တစ်ခုလုံး ငေးချင်ရာငေးဆွေးချင်ရာဆွေးပြီး သက်တောင့်သက်သာစွာနဲ့ထိုင်ရပါတယ်ဗျာ 


( ၈မိုင်အဆင်းမှာ တောင်ငူကညီမလေးဝေအထုတ်ကျန်ခဲ့တာကို ကူညီပြီးအိမ်ကိုသယ်လာပေးရတာနဲ့ ကိုအောင်ကိုယုကိုကျေးဇူးတင်စကားတောင်မဆိုခဲ့ရပါဘူး နောက်ခရီးစဥ်ဦးသန်းဌေးနဲ့ပဲ ထပ်သွားဖြစ်မှာဆိုတော့ ထပ်တွေ့ဖြစ်ခဲ့ရင်တော့ ကျေးဇူးတင်ကြောင်းကို သေချာကိုပြောပါမယ်ဗျာ )


ဒီအပိုင်းကတော့ သဲသဲနဲ့ပြန်လာပြီး ညနေဘက်ဆိုင်မှာထိုင်ရင်းနဲ့ဆက်ရေးဖြစ်တာပါ ရန်ကုန်မှာမိုးဆက်နေတာတပတ်ကျော်ပြီဆိုတော့ စျေးကလည်းအရောင်းပါးနေတာပေါ့ဗျာ


ခရီးသွားရင် ကန်တော့ပါရဲ့ ဆီးကိုအကြာကြီးအောင့်မထားနိုင်တာက အတော့်ကိုဒုက္ခရောက်ရပါတယ် မနက်၄နာရီကျော်ထဲကနေ ထိန်းထားရတဲ့ဆီးအိမ်မှာ ဇီးရိုးမိုင်အကျော်ရောက်တော့ ဘယ်လိုမှထိန်းထားလို့မရတော့ပါဘူး ကားကနီးစပ်ရာကျန်းမာရေးကိစ္စဖြေရှင်းနိုင်မယ့် ဘုရားစေတီမှာရပ်ပေးပေမယ့် မနက်အစောဖြစ်နေတော့ ခြံဝန်းတံခါးကသော့ခတ်ထားတော့ ကျွန်တော်အပါအဝင်တစ်ဖွဲ့လုံး ဟာကနဲဖြစ်ရပြန်ရော


ဦးသန်းဌေးလုပ်ငန်းအတွက် တိုးကားသွားဝယ်ယူတဲ့အစ်ကို ကိုဝင်းထွန်းနဲ့ချိန်းထားတဲ့ ၃၉မိုင်စုရပ်ရောက်မှပဲ ကလောမြေမှာကျန်းမာရေးကိစ္စကိုဖြေရှင်းရပါတယ် မနက်၈နာရီကျော်၃၉မိုင်ကိုအမြန်ရောက်ဖို့ ဘုရားအဆူဆူကိုတပြီးတော့ စိတ်ကိုအာရုံလွှဲခဲ့ရတာလည်း အမှတ်တရပါဗျာ 


ကလောမြေမှာကိုယ့်အစီအစဥ်နဲ့ကိုယ် မနက်စာစားပြီးတော့ ဘားအံကိုခရီးဆက်ထွက်လာပါတယ် ခရီးသွားရင်ဝမ်းပျက်ဝမ်းလျောဖြစ်မှာစိုးလို့ ဆရာနဲ့အစ်မတို့မိသားစုနဲ့ ၂၀၁၂ခုနှစ်ကစပြီးခရီးသွားဖြစ်တိုင်း လမ်းခရီးမှာဆရာက သူ့တပည့်တွေကို ထမင်းဆီဆမ်း၊ထမင်းကြော်ကို ကြက်ဥကြော်၊အသားကြော်တစ်မျိုးမျိုးနဲ့စားခိုင်းပြီး လက်ဖက်ရည်ကော်ဖီသာသောက်ခိုင်းခဲ့တော့ တစ်ယောက်တည်းခရီးသွားတဲ့အချိန်မှာလည်း ဘေးကင်းတာပဲစားတက်သွားပါတယ်


လမ်းမှာတော့ကျန်းမာရေးကိစ္စအတွက် ကျိုက်ထိုကဆိုင်တစ်ဆိုင်မှာ နေ့လည်၁၁နာရီကျော်လောက်မှာ ခဏရပ်ပေးပါတယ် အဲ့ကနေခရီးဆက်ခဲ့တာ ဘားအံကိုနေ့လည်၁၂နာရီ​ခန့်မှာရောက်ပါတယ် အချိန်တွေကအလွတ်ရတာမဟုတ်ဘူးဗျ တနေရာရောက်ရင် အိမ်ကိုဖုန်းလှမ်းပြောနေကျဆိုတော့ call list ကိုပြန်ကြည့်ပြီးရေးတာပါဗျာ


စစ်တောင်းတံတားအကျော်ကတည်းက တိမ်ညိုတွေအုံ့ဆိုင်းနေတဲ့ရာသီဟာ ဇွဲကပင်မြေကနေကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကနေစပြီး သည်းသည်းမည်းမည်းရွာသွန်းလိုက်တာ ဇူလိုင်လ ၁၁ရက်နေ့နေလည်ကနေ ဘားအံကနေပြန်တဲ့ ၁၃ရက်နေ့ မနက်ပိုင်းအထိပါပဲဗျာ


မနက်ဖြန်အလုပ်သွားရမှာဆိုတော့ နောက်တပတ် Sunday ကျမှပဲ ဆက်ရေးတော့မယ်ဗျာ။




Sorry ပါဗျာ အခုတလော Rush ဖြစ်နေလို့ online မှာ အချိန်မပေးနိုင်တော့လို့ ဘားအံခရီးစဥ်လေးကိုတော့ ဆက်ပြီးတော့ ပြီးအောင်ရေးပြီးရင် စာတွေအများကြီးအရင်လို မရေးဖြစ်လောက်တော့ဘူးဗျာ



နောက်ပိုင်းကျရင် တစ်လကို post နှစ်ခု၊သုံးခုလောက်တော့ ကျွန်တော်ကြိုးစားပြီးရေးကြည့်အုန်းမယ်ဗျာ blog က ကျွန်တော့ကမ္ဘာကြီးလေဗျာ..


No comments: