ပြည့်စုံပါစေ-ဘိုဖြူ
ဇရာ
သောကြာနေ့ဆိုရင် ကျူရှင်တန်းတွေပိတ်တော့ ညနေ၄နာရီခွဲဆိုရင်ပြန်ရတဲ့ရက်များတယ် အဲ့ဒီတော့သောကြာနေ့ညနေမှာ ကန်သာယာမှတ်တိုင်နောက်ကဆိုင်မှာ မုန့်တီသွားစားကြဖို့စိုင်းပြင်းနေတာ သုံးပတ်ရှိနေပါပြီ လူမစုံတာနဲ့မစားဖြစ်သေးဘူး
၁၅ရက်နေ့နေ့ညနေက နေဝန်းနီငပလီဆိုင်မှာ မုန့်တီသွားစားကြမယ်ဆိုပြီးတော့ ဆရာမလေးတစ်ယောက်အပါအဝင် လေးယောက်သားလူထပ်စုကြပြန်ပါရော
၄နာရီခွဲမှဆရာမကြီးကငွေစာရင်းစစ်တာနဲ့ တခြားကိစ္စတွေနဲ့ကြာသွားတော့ ၅နာရီကျော်မှကျောင်းကနေပြန်ရတယ် နောက်ကျနေပေမယ့် သွားစားကြမယ်ဆိုပြီး မုန့်တီဆိုင်ရောက်တော့ ည၆နာရီခွဲတော့မယ် ဆိုင်ကလည်းပိတ်သွားတော့ ဆရာမလေးကအိမ်ပြန်သွားပြီး
ကျွန်တော်တို့သုံးယောက် လမ်းတဖက်ခြမ်းကညနေခင်းမှာ မုန့်ဟင်းခါးဝင်စားကြပါလေရော မုန့်ဟင်းခါးကလက်ရာညံ့လို့ အိမ်ကလူတွေအတွက်တုတ်ထိုးဝယ်သွားပေးရော အဲ့ဒီ့အချိန်မှာပိုက်ဆံအိတ်ထုတ်ငွေရှင်းပြီး ထမင်းဘူးခြင်းထဲထည့်လိုက်မိတယ်
အိမ်နဲ့နှစ်မှတ်တိုင်ဝေးတော့ ည၇နာရီကျော်မှာ မြို့ထဲပြန်ရမယ့်ကလေးနှစ်ယောက်နဲ့အတူတူ ၆၄စီးပြီးပြန်လာလိုက်တယ် ဆိုင်မသိမ်းသေးတော့ ဆိုင်မှာအမေနဲ့အစ်မကိုဝင်နှုတ်ဆက်ပြီး အိမ်မှာအင်္ကျီပြန်လဲ ဆိုင်ပြန်ကူသိမ်းလိုက်တယ် ပိုက်ဆံအိတ်ကိုလုံးဝသတိမရလိုက်ဘူး
စနေနေ့မနက်လည်းအစောထပြီး အောင်ခန့်ထမင်းဘူးထည့်ပေးပြီးတော့ မိုးကလည်းကောင်းနေတာနဲ့ ပြန်အိပ်လိုက်တယ် မမစျေးသွားတော့အသုပ်စုံမှာတော့လည်း ပိုက်ဆံမထုတ်ပေးမိလိုက်တော့ သတိမရသေးဘူး
အသုပ်ကငံပြာရည်များတော့ လူကခေါင်းမထောင်တော့ဘူး ကျန်းမာရေးမကောင်းတဲ့ အပြင်စာတွေ ဆက်တိုက်စားနေတော့ မမကဆူပါလေရော ( မြောက်ဥက္ကလာကအစားအသောက်တွေက စျေးမသင့်ပေမယ့် လက်ရာကလည်းတကယ်ကိုညံ့ပါတယ်ဗျာ )
uniform နှစ်စုံလုံးကမလျှော်ရသေးတော့ uniform လျှော်ဖို့ပြင်ရင်းနဲ့ အမေနဲ့မမလုံခြည်တွေပါထည့်လျှော်လိုက်ရော အဝတ်လျှော်တာများသွားတော့ လူကမောနေပါရော နေ့လည့်ခင်းထမင်းမစားမိတဲ့အကျိုးကျေးဇူးလေဗျာ
အဝတ်လျှော်ပြီးမောလို့ ရေမချိုးခင်ခဏနားတဲ့အချိန်မှာ မုန့်ကြပ်တိုက်အသည်လာပါလေရော မုန့်ကြပ်တိုက်မစားရတာ နှစ်အတော်ကြာပါပြီ ၈တန်းကျောင်းသူဘဝကနောက်ဆုံးစားခဲ့ရတာဆိုတော့ မုန့်ကြပ်တိုက်ဝယ်စားဖို့ ပိုက်ဆံအိတ်ယူပါလေရော
ဇာတ်လမ်းကစပါပြီ ပိုက်ဆံအိတ်ကမတွေ့ဘူး မမကမုန့်ဖိုးစိုက်ရှင်းပြီး ညကဘယ်မှာထားလည်း မေးပါလေရော မျက်မှန်၊ဖုန်း၊အလုပ်သွားရင်လွယ်တဲ့ ပိုက်ဆံအိတ်၊ထမင်းဘူးခြင်းတောင်း အကုန်လုံးကိုကသီလင်တမဖြစ်အောင် အမြဲတမ်းတသမတ်တည်းထားတက်တာ ကျွန်တော့်အကျင့်ပါ
သမီးထားနေကျနေရာထားတာပါ ဖြေရင်းနဲ့မနေ့ညကပိုက်ဆံအိတ်ကို ပြန်မထည့်မိတာကိုသတိရသွားလို့ ပျောက်သွားပြီထင်တယ်လို့ ပြောပြလိုက်မိရော အမေကတော့ပြန်ရကောင်းနိုးဆိုပြီး ရေမြန်မြန်ချိုးပြီး ဆိုင်ကိုသွားမေးကြည့်ပြောတယ် မမကတော့ကားစီးပြန်လာတော့ ခြင်းထဲကနေခါးပိုက်နှိုက်ခံရပြီပြောတယ် ဦးလေးအငယ်ကတော့ မှတ်ပုံတင်နဲ့ဘဏ်ကတ်တွေပါတာကို ဂရုမစိုက်လို့တအားဆူပါလေရော အဖေကတော့ဘာမှမပြောရှာပါဘူး
ပိုက်ဆံကနှစ်သောင်းလောက်ပဲကျန်တော့လို့ ငွေကိုတန်ဘိုးမထားတာမဟုတ်ပေမယ့် မနှောမိပါဘူး အဓိကစိုးရိမ်မိတာက ဘဏ်ကတ်နဲ့မှတ်ပုံတင်ပါသွားတာ
မြောက်ဥက္ကလာပြောင်းလာပြီဖြစ်လို့ ကျောက်မြောင်းကရပ်ကွက်အုပ်ချုပ်ရေးမှူးစီကနေ မှတ်ပုံတင်ပျောက်ဆုံးကြောင်းထောက်ခံချက်အတွက် ငွေကိုရေလိုသုံးရမှာကတစ်ကြောင်း အိမ်ကိစ္စနဲ့ပတ်သက်ပြီးအဆင်မပြေဖြစ်ထားရလို့ သူ့စိတ်ရင်းကိုသိထားတဲ့အတွက် အဲ့ဒီ့လူမျိုးကိုထပ်ပြီးတော့ မဆက်ဆံချင်တော့တာက ကျွန်တော့်အားနည်းချက်
တကယ်ကိုပျောက်ပြီထင်ပြီး လူကရုတ်တရက်ဆိုတော့ ဘာတစ်ခုမျှစဥ်းစားလို့မရတော့ဘူး ပိုက်ဆံအိတ်ကိုတွေ့ချင်ဇောနဲ့ ပြာယာခတ်ပြီးထားနေကျနေရာမှာပဲ ထပ်ကာထပ်ကာရှာနေမိရော အမေကဆိုင်ကိုသွားမေးဖို့အတွက် ရေချိုးဖို့ထပ်ပြောကာမှ အမေတုတ်ထိုးထုတ်လာပေးတော့ သမီးခြင်းထဲထည့်လိုက်ရင်း ပိုက်ဆံအိတ်သိမ်းလိုက်တာသေချာတယ်ဆိုပြီး ထားနေကြနေရာမှာထပ်ပြီးရှာပြန်ရော
အမေရောမမရောကပါ တစ်ခန်းလုံးကိုကူရှာပေးနေရရှာတယ် မိနစ်နှစ်ဆယ်ပျော်လောက်ကျမှ ထားနေကျနေရာမှာမဟုတ်ဘဲ အင်္ကျီပုံထဲကနေကျွန်တော်ရှာတွေ့တယ် အမေနဲ့မမကဆူပါလေရော ကိုယ်ထားထားတဲ့နေရာကိုမမှတ်မိလို့ဆူကြတာပါ ကျွန်တော့်ကိုယ်ကျွန်တော်လည်း ဘာလို့အဝတ်ပုံထဲမှာသိမ်းလိုက်တယ်ဆိုတာကို နည်းနည်းလေးမျှသတိမရတော့ပါဘူးဗျာ
မိနစ်နှစ်ဆယ်ကျော်လောက် အတော်ကလေးပူလောင်နေပြီး စိတ်သောကတွေများသွားရတာကို တရားတွေရမိပါတယ် မမကတော့အမေ့ကိုပြောရှာပါတယ် ပြန်တွေ့လို့တော်သေးတာပေါ့အမေရယ် တကယ်များပျောက်သွားခဲ့ရင် အမေ့သမီးရူးသွားလိမ့်မယ်တဲ့
ဟုတ်တယ် ကျွန်တော်ရူးနိုင်တယ် မှတ်ပုံတင်ပျောက်ပြန်လျှောက်ဖို့ကိစ္စ ဘဏ်ကတ်ပျောက်လို့ ပြန်လျှောက်ရမယ့်ကိစ္စတွေအတွက် ပထမဆုံးခွင့်ယူရမယ့်ပြဿနာ ဒုတိယရပ်ကွက်ရုံးမှာထောက်ခံစာယူရမယ့်ပြဿနာ အဲ့ဒါတွေကိုတွေးမိပြီးတော့ အဲ့ဒီ့မှာတင်ကျွန်တော်စိတ်အခြေအနေမတော်လေး ဆိုးသွားရတာပါ
မမကတော့သတိထပ်ပေးတယ် နင်ဒီတစ်လလုံးခိုင်းမိနေတာ အမျိုးမျိုးဖြစ်နေတာ ဘုရားမရှိခိုးလို့ကံညံ့နေတာတဲ့ ဟုတ်တယ် ကျွန်တော်အလုပ်အသွားအပြန်အချိန်ကလွဲပြီး မနက်ခင်းတရားနာတာကလွဲရင် ဘုရားမရှိခိုးမိဘူး
ကျောင်းမှာတလောကခိုင်းမိတာများတော့ ညာဘက်လက်တစ်ကောက်ကွေးမှာ အမာရွတ်ကျန်ခဲ့တယ် တနေ့ကညဘက်အိမ်ရှေ့မျက်စောင်းထိုး အိမ်ကခွေးဟာကျုလီကို အစာကျွေးတော့ ညာဘက်လက်အကိုက်ခံရတယ် ( အဲ့ဒီ့ကလေးက အစားသောင်းကြမ်းမှန်းသိရက်နဲ့ နောက်တစ်ကောင်အမဲမလေး သူကလမ်းဘေးခွေးလေးသူ့ကို အစာကျွေးနေကျအိမ်ကပြောင်းသွားတော့ ဟာကျူလီအိမ်ကနေစရာပေးထားတာပါ
အမဲမလေးမစားရမှာစိုးရိမ်တာနဲ့ ဟာကျူလီကိုသတိမထားမိလိုက်တာပါ သူလည်းအစာဇောနဲ့ လက်ကိုမမြင်ဘဲဟပ်လိုက်တာပါ ဆိုးတဲ့ခွေးတော့မဟုတ်ပါဘူး ) ခွေးရူးပြန်ကာကွယ်ဆေးထိုးရင် ခွင့်ယူရမှာအဆင်မပြေတော့ ဆေးမထိုးဖြစ်လိုက်ဘူး ဝဋ်ပါရင်တော့ ခံရမှာပဲလေ ထူးပြီးမပူတော့ပါဘူးဗျာ
တလောကလည်း ရေမော်တာကတစ်ခါတလေ ပန်ကာကမလည်တော့ ပန်ကာရွက်တွေကိုလက်နဲ့လှည့်တာ လက်ခိုင်းမိသွားတာ မပြတ်သွားတာကံကောင်း တပတ်ကိုသုံး၊လေးခါခိုင်းမိနေတာပါ
စနေနေ့ညကလည်း ပိုက်ဆံအိတ်ပြန်တွေ့ပြီး စိတ်ပင်ပန်းဖြစ်သွားတော့ လူကရေတောင်မချိုးနိုင်တော့ဘူး မိုးချုပ်မှရေချိုးကာနီး လက်သည်းညှပ်ထားတာကို အိမ်တံစက်မြိတ်အကျော်မှာ သွန်ပြစ်ရင်းနဲ့ ညာဘက်လက်ဖျံမှာ ခြံစည်းရိုးသွပ်ပြားရှသွားပြန်ရော
ကျွန်တော်ဘုရားရှိခိုးမှရတော့မယ် ကံညံ့တာထက် အခုလို ကြုံရမှာကိုတွေးပြီးတော့ပူပင်သောကဖြစ်ရတာကို ပိုပြီးစိုးရိမ်မိတာပါ ကျွန်တော့်မှာတရားမရှိတော့ မဖြစ်မနေခွင့်ယူရမှာ၊ထောက်ခံစာယူရမှာအတွက် ဖြစ်လာရမယ့်ပြဿနာကို မရင်ဆိုင်ချင်တော့တာ
ကျွန်တော်ကလူတမျိုး အရင်တုန်းကတော့ သေးသေးလာတင်ရင် လုံးကြီးတင်ပြီးအဆံခတ်တက်ပေမယ့် အသက်ရလာတော့ လူတွေကိုပိုကြောက်လာမိတယ် အဲ့ဒီ့လူမျိုးတွေကိုမပတ်သက်ဘဲ တက်နိုင်သမျှတော့ကင်းအောင်နေလိုက်တယ် အဲ့ဒီ့တော့ပြဿနာဖြစ်စရာအကြောင်းမရှိတော့ ကျွန်တော်စိတ်ချမ်းသာရတာပေါ့ဗျာ
လူရယ်လို့ဖြစ်လာရင်တော့ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် လူနေမှုပတ်ဝန်းကျင်မှာဖြစ်ဖြစ် ဆွေမျိုးသားချင်းထဲမှာဖြစ်ဖြစ် အဲ့လိုလူမျိုးတွေကိုကြုံဆုံရမှာပါပဲ
အဲ့ဒီလိုလူမျိုးတွေကို စိတ်အနှောက်အယှက်မဖြစ်ဘဲ ပြောဆိုဆက်ဆံနိုင်ဖို့က ကျွန်တော့်ကိုယ်မှာ တရားရှိနေဖို့က တကယ်ကိုအရေးကြီးပါတယ်ခင်ဗျာ။
17th August 2025.
မိုးနှင့်အောင်မဲညို
ဇူလိုင်လ၃၀ရက်နေ့က ကျောင်းမှာအားတဲ့အချိန်စာရေးနေရင်းနဲ့ ညနေဘက်ပြဿနာတွေတက်သွားတော့ မနက်နိုးတည်းကတလမ်းလုံး Mood ဝင်လာတဲ့စာတွေက အကုန်လုံးပျောက်သွားပြီး ဆက်မရေးချင်တော့တာနဲ့ ဒီအတိုင်းပဲထားလိုက်တယ်
၇ရက်နေ့ကကားပေါ်မှာအသက်ရှုပြန်ကြပ်တော့ အိမ်ကနေစီးလာတဲ့ ၃၅ကားကိုပဲပတ်စီးပြီး အိမ်ကိုပြန်လိုက်ရတယ် အလုပ်ထွက်ခါနီးဆူပူခံရမှာကိုမကြိုက်လို့ ပင်ပန်းနေပေမယ့် စနေနေ့နားရက်၊၉ရက်နေ့ကိုအစားထိုးရက်အဖြစ် အလုပ်ပြန်ဆင်းပေးလိုက်တယ်
၉ရက်နေ့ကျောင်းလာတော့ ရာသီဥတုကလည်းသာယာနေတော့ Mofa ရုံးဟောင်းရှေ့ကပန်းရုံထဲမှာ အောင်မဲညိုပန်းတွေပွင့်နေတာများ ဖွေးနေတာပဲဗျာ နောက်ကျမှာစိုးရိမ်တာနဲ့ပဲ ဓါတ်ပုံမရိုက်ဖြစ်ဘူး ၁၀ရက်နေ့စောစောရောက်ပေမယ့် စနေနေ့ညကရွာထားတဲ့မိုးအရှိန်ကြောင့် မနေ့ကလန်းဆန်းနေတဲ့ပန်းတွေအကုန်လုံး ညှိးကျကုန်ပါလေရော အဲ့ဒါနဲ့ မနေ့ကမရိုက်ဖြစ်မိတာကို နောင်တရမိတယ်
မိုးတွင်းအခါမှာနေသာတဲ့နေ့တချို့ပဲ လန်းဆန်းနိုင်တဲ့ အောင်မဲညိုပန်းနဲ့ လက်ရှိလုပ်ငန်းခွင်ကကျွန်တော်နဲ့ အလားတူနေတော့ ဒီနေ့ကျမှစာကိုထပ်ဖြည့်ရေးပြီးတော့ post တင်ဖြစ်သွားတာပါဗျာ
ဇူလိုင် ၃၀ မနက်၆နာရီ Alarm မြည်တော့ အိပ်ယာကမထဘူး ၆နာရီခွဲကျောင်းသွားမယ့် တူတော်မောင်ထန်းညက်ခဲထမင်းဘူးအတွက် အမေ့ကိုနှိုးတော့မနက်ခင်းမှအိပ်ပျော်လို့အမေကမထနိုင်ဘူး
အစ်မတော်ကျတော့လည်း ညဘက်မီးဖိုချောင်သိမ်းဆည်းပြီး ဘုရားကန်တော့ပြီးမှအိပ်ရတော့ သူ့ကိုလည်းနှိုးလို့လည်းမကောင်းဘူး ၅မိနစ်လောက်ဆက်အိပ်ပြီးတော့ အိပ်ယာထမှဖြစ်မှာပါလေဆိုပြီး ထရပါလေရော
ကိုယ်တွေကသာ ၆နာရီမထချင်သေးတာ ဦးလေးအငယ်ကမနက်၅နာရီတည်းကနိုးနေပြီးတော့ ထမင်းအိုးတည်၊ဟင်းနွှေးပေးပြီးတော့ အုန်းနို့ခေါက်ဆွဲအိုးတောင်ပွက်နေပြီ
တူတော်မောင်အတွက်ကော်ဖီမစ်ဖျော်ပေး ထမင်းဘူးထည့်ပေးပြီးမှတရားစဖွင့်ရတယ် ၆နာရီခွဲဒေါင်ဆိုတာနဲ့ ကားမမီမှာစိုးလို့သူ့အတွက်အဆင်သင့်မဖြစ်နေရင် ထမင်းဘူးတောင်ယူမသွားတက်တော့ သူကျောင်းတက်တဲ့နေ့တိုင်း သူ့ကိုဦးစားပေးပြီးပြင်ဆင်ပေးရတယ်
ပြီးတော့မှ ဆိုင်အတွက်ရေနွေး၂ဘူးတည်ပေး အဖေ့အတွက်အိုဗာတင်းနဲ့ ဦးလေးနဲ့ကျန်တဲ့လူတွေအတွက်ကော်ဖီအမှုန့်ဖျော်ပြီးတာနဲ့ ကော်ဖီသောက်ထမင်းဘူးထည့်ပြီးတာနဲ့ ရေမိုးချိုးအလှပြင်ပြီးတော့အလုပ်ကိုလာ
အိမ်ကနေအချိန်မီထွက်နိုင်ဖို့ Alarm သုံးကြိမ်ပေးထားပေမယ့် မိန်းလမ်းမကြီးလမ်းကူးဖို့စောင့်ရရင် ၃၅ ကလွတ်သွားရရော တစ်ခါတလေမိန်းလမ်းမကြီးက ကားရှင်းနေပါရဲ့ ၃၅ ကားကမရပ်ပေးရင်လည်း သွားပါလေရောဗျာ
၃၅ ကားပေါ်စီးလာရင်းနဲ့ ကျောက်ရေတွင်းအကျော်မှာကားပိတ်နေတော့ ပလက်ဖောင်းအပေါ်ကစုံတွဲလေးကိုမြင်လိုက်ရရော နှစ်ယောက်လုံးရှိလှ အသက်၁၈၊၁၉အရွယ်လေးတွေ
ကောင်မလေးက မိန်းကလေးထုံးစံအတိုင်း အပြင်သွားတော့လှလှလေးပြင်ထားတာ ဗိုက်ဖုံးအကျီကိုပါတိတ်ထမီလေးနဲ့တွဲဝတ်ထားတာ ကောင်လေးကတော့တီရှပ်နဲ့ဘောင်းဘီအတိုလေးဝတ်ထားပြီး ကောင်မလေးကိုလက်တစ်ဖက်ကလက်ချိတ်ပြီး တခြားလက်တစ်ဖက်ကအိတ်ကိုင်ထားတာ
ကောင်လေးကချို့တဲ့ပုံရတယ် ကောက်မလေးကပြည့်စုံပုံရတယ် အိမ်ထောင်တစ်ခုကိုတည်ထောင်လိုက်တဲ့အတွက် နှစ်ယောက်စလုံးမျက်နှာပေါ်မှာ စိုးရိမ်စိတ်အလျင်းမရှိဘဲအေးချမ်းနေလို့ ကောင်မလေးကတော့ ငါမိခင်ဖြစ်ပြီဆိုတဲ့စိတ်ကလေးနဲ့ သူ့အမျိုးသားလက်ကိုဆွဲပြီးတော့ မျက်နှာလေးကိုမော်နေတာပဲ
ကောင်လေးကလည်း မိခင်လောင်းသူ့အမျိုးသမီးလေးမျက်နှာကိုငဲ့ကြည့်ပြီးတော့ အပြုံးပန်းတွေဝေနေတာများ ကားလမ်းပိတ်နေတဲ့ ၅မိနစ်ဆိုတဲ့အချိန်ခဏလေးမှာ မြင်ရတာကြည်နူးစရာပါ လူငယ်သဘာဝလာမယ့်ဘေး ပြေးတွေ့ရဲတဲ့စိတ်ဓါတ်ကို ချီးကျူးရမလား အပြစ်ဆိုရမလား မတွေးတက်တော့ဘူးဗျ
ကျွန်တော်သာ ၂၀၁၂ခုနှစ်က ဇူလိုင်လလောက်က ယောင်္ကျားစိတ်မွှန်ထူပြီးတော့ AHA နောက် တဇွတ်ထိုးလိုက်သွားမိရင် အခုအချိန်ဆယ်နှစ်သားအရွယ်ကလေးတွေနဲ့ လောကဓံရိုက်ချက်ကို ဒူပေတာပေခံနေရမလား ဒါမှမဟုတ် လောကဓံကိုမခံနိုင်လို့ အပြစ်ကင်းစင်တဲ့ကလေးတွေကိုထားခဲ့ပြီး လောကကြီးကိုကျောခိုင်းသွားမလားဆိုတာ မသိနိုင်ပါဘူးဗျာ
အခုအချိန်မှာတော့ ၂၀၁၂ခုနှစ်က ဘဝမှာအရူးမိုက်ဆုံးအချိန်ဖြစ်ခဲ့ရပေမယ့် ယောင်္ကျားစိတ်မွှန်ထူပြီး တဇွတ်ထိုးလိုက်မသွားခဲ့မိတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် တကယ်ကို ကျေးဇူးတင်နေရပါတယ်ဗျာ
လောကကြီးကမတရားဘူးထင်ခဲ့ပေမယ့် တကယ့်ကိုအရေးကြီးတဲ့အချိန်တွေမှာတော့ ကျွန်တော့်ကိုအများကြီးတားမြစ်ခဲ့ပေးခဲ့ပါတယ်ဗျာ။
ဒေါ်စိန်အေးသား။
MK အကြောင်းရေးရာကနေ ကျွန်တော်လုပ်ငန်းခွင်မှာနာခံတက်တာရယ် စည်းနဲ့ကမ်းနဲ့နေတက်တာရယ်က အဘိုး၊ အဖေ၊MK ကဆရာတွေ၊ ကန်တော်ကြီးသင်တန်းကျောင်းကပဲခူးသူ တီချယ်ဒေါ်သန်းနွဲ့ ( အခုတော့ဆုံးသွားပါပြီ )၊ အာရုံဦးကဆရာဦးမျိုးမြင့်/ဦးမြင့်အောင် သင်ကြားပေးခဲ့တဲ့အကြောင်းရေးဖြစ်တာကနေ ဒေါ်စိန်အေးသားအကြောင်းရောက်သွားရတာပါ
ကျွန်တော်ရေးတဲ့အကြောင်းအရာအတွက် ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေဖို့ရည်ရွယ်ချက်မရှိခဲ့ပါဘူး ဒေါ်စိန်အေးသားတွေကိုကြောက်ပါတယ်ပြောခဲ့ပြီးကာမှ ဒေါ်စိန်အေးသားအကြီးနဲ့ ရေစက်ဆုံခဲ့မိလို့ကျွန်တော့်ဘာသာ သဘောကျသွားလို့ရေးဖြစ်သွားရတာပါဗျ။
အဘိုး၊အဖေ၊ဦးလေးတွေက စစ်သားဖြစ်ခဲ့ရတော့ စစ်တပ်ကိုတကယ်ကိုချစ်ပါတယ် ဒါပေမယ့် ဒေါ်စိန်အေးသားတွေကိုတကယ်ကိုကြောက်ပါတယ် အဲ့ဒါကိုတောင် ကိုယ့်ထက် Level မတအားကြီးမြင့်နေတဲ့ ဒေါ်စိန်အေးသားအကြီးကို ကျွန်တော်ဘက်ကနေ စပြီးတော့ကျူးမိလိုက်တဲ့အတွက် အခုလိုအဆုံးသတ်ဖြစ်ရတယ်လို့ပဲ ကျွန်တော်ကျေနပ်စွာလက်ခံထားလိုက်ပါတယ်။
MK ကနေအလုပ်ထွက်ပြီး Dubai သွားမယ်ဆိုပြီးကန်တော်ကြီးမှာဟိုတယ်သင်တန်းတက်ဖြစ်တယ် ကန်တော်ကြီးပဲလေ့စ် Sedona Sakura တွေမှာ Job Training ဟုတ်တိပတ်တိဆင်းဖြစ်တယ် Sedona မှာ အလုပ်လုပ်ရတာအပျော်ဆုံးပဲ အလုပ်လုပ်ရတာပင်ပန်းပေမယ့် Booking ယူထားတဲ့ ပွဲနေ့ရက်တွေမှာ Cancel ဖြစ်ရင် Kitchen ထဲက ပွဲအတွက်ပြင်ထားတာတွေ အကုန်လုံးကို Dinning room ထဲမှာအကုန်လုံးပို့ပေးထားတာ ဝန်ထမ်းတွေအကုန်လုံးကြိုက်သလောက်စားလို့ရတယ် တစ်လမှာအနည်းဆုံးတစ်ကြိမ်စားရတာပါ
တစ်နှစ်ဝန်းကျင်နီးပါး Hotel Life ထဲမှာယက်ကန်ယက်ကန်ကျင်လည်ခဲ့ပြီး Dubai ကိုသွားဖို့အတွက်လည်း Agent စုံစမ်းတဲ့ကိစ္စအဆက်ပြတ်သွားတာနဲ့ အဖေကဂုတ်ကနေဆွဲပြီး ရွှေဂုံတိုင်ကဦးဇော်ဝင်းကုမ္ပဏီအာရုံဦးကိုပို့ပေးခဲ့တာပါ
အာရုံဦးဆောက်လုပ်ရေးမှာ Admin အပိုင်းပဲတာဝန်ယူရပြီး တနေ့တနေ့လုပ်စရာဟုတ်တိပတ်တိမရှိတော့ သုံးလနဲ့တင်အလုပ်မသွားတော့တာပါ ဟိုတယ်မှာတုန်းကအလုပ်ချိန်၈နာရီကို Non-stop လုပ်ခဲ့ရတာလေဗျာ အဲ့လိုတစ်နှစ်လောက်ပုရွတ်ဆိတ်လို အလုပ်လုပ်ခဲ့ရတော့ သက်သက်သာသာ လုပ်ရတဲ့အလုပ်မှာ နေမပျော်တော့တာပေါ့ဗျာ
MK post မှာ ရေးနေရင်းနဲ့အာရုံဦးအကြောင်းစလိုက်မိတာ ဒေါ်စိန်အေးသားအကြောင်းက Topic ဖြစ်သွားရပြီး စာကအတော်လေးစာရှည်သွားလို့ post သပ်သပ်ထပ်ရေးဖြစ်တာပါဗျာ
၂၀၀၄ခုနှစ် ဦးဇော်ဝင်းရဲ့ အာရုံဦးဆောက်လုပ်ရေးကုမ္ပဏီမှာ သုံးလတာအလုပ်လုပ်ခဲ့ချိန်က စေတနာပါပါနဲ့သင်ကြားပေးခဲ့တဲ့ ရဲမှူးအငြိမ်းစားဆရာ့နာမည်တော့ သေချာမမှတ်မိတော့ဘူးခင်ဗျ ဦးမျိုးမြင့်လားဦးမြင့်အောင်လားတစ်ခုခုပါပဲ ဆေးပေါလိပ်တအားကြိုက်တယ် သူ့အမျိုးသမီးအကြောင်းပြောပြရင် နင်တို့အဒေါ်ကလေဆိုပြီးသုံးနှုန်းတက်တယ် ကြည့်မြင်တိုင်မှာနေတယ် ဒေါ်စိန်အေးကျောင်းဆင်း သားတစ်ယောက်ရှိတယ်
ကျွန်တော်တို့ကိုစကားပြောရင် ကလေးငယ်တွေကိုဆရာတစ်ယောက်ကနေပြောသလို မျက်လုံးလေးကပြုံးနေပြီး လေသံအေးအေးလေးနဲ့ပဲစကားပြောတယ် ဆရာကလူရိုးလူအေး လောလောလက်လက်သက်ပြည့်ပင်စင်နဲ့ ရဲမှူးအငြိမ်းစားယူထားတာတောင် သူ့မှာတိုက်ခန်းလေးတစ်ခန်းပဲပိုင်တယ် မန်နေဂျာရာထူးလခနည်းနည်းနဲ့ ဒီမှာအလုပ်ဝင်နေတာပါ Inservice ဘဝတုန်းက ဆရာ့ပုံစံကိုမသိမမြင်နိုင်ပေမယ့် လူရိုးတစ်ယောက်ဆိုတာကတော့ ကျွန်တော်သေချာပြောရဲပါတယ်ခင်ဗျ
ဆရာဒေါသကြီးတာကိုတစ်ခါပဲမြင်ဘူးတယ် ရုံးကဒါရိုက်တာ၊သူကလည်းရဲမှူးအငြိမ်းစားပဲ သက်ပြည့်မဟုတ်ဘဲဆေးပင်စင်နဲ့ အနားယူထားတာလို့ကြားပါတယ် သူ့သမီးကိုဒေါ်စိန်အေးသားရုရှားရောက်နေတဲ့ နယ်သားလေးနဲ့ engage လုပ်ပေးထားတာ အဲ့ဒီကလေးကလူရိုးလူအေးလို့ရုံးမှာပြောကြတာပဲဗျာ သူ့ခမည်းခမက်ဘက်က အမျိုးတွေကိုအလုပ်ခန့်ပေးထားတာ တွေ့ရတာတော့ သူ့အစ်မတွေကလည်းတကယ့်ကို နယ်သူနယ်သားအရိုးခံလေးတွေပါ
သူကဆရာထက်အသက်လည်းငယ်တယ် Inservice တုန်းက ဆရာ့ဂျုနီယာ ရုံးလာရင်ကာကီရောင်ယူနီဖောင်းမှာ တံဆိပ်တွေအပြည့်တက်ပြီး အမြဲဝတ်လာတာ Inservice လည်းမဟုတ်ဘဲနဲ့ကို ကျန်တဲ့သူတွေအတွက့် တကယ်ကိုမျက်စိနောက်စရာပါဗျာ
အခုအချိန်ကာလမှာတော့ ဒါရိုက်တာကြီးလည်းအဲ့လိုမဝတ်ရဲလောက်တော့ဘူးထင်ပါတယ် သူကဒါရိုက်တာလည်းဖြစ်တယ် အခုအလုပ်မှာလုပ်သက်လည်းကြာပြီဆိုတော့ ကျွန်တော်တို့ဆရာကို အလုပ်နဲ့ပတ်သက်ပြီးအာဏာပြတာပေါ့ဗျာ အမြဲလိုလေသံအေးအေးနဲ့ပြောတက်တဲ့ဆရာက အဲ့ဒီအချိန်မှာကိုးတောင်ကျားလို ဒါရိုက်တာကိုအချက်ကျကျပြန်ပြောတာများ ကျွန်တော်တို့ဆိုကိုယ့်ဆရာအတွက် ကျေနပ်နေပါရော ဆရာလည်း ၆လလောက်ပဲအလုပ်လုပ်ဖြစ်ခဲ့တယ်ဆိုတာ နောက်ပိုင်းကျမှသတင်းကြားမိပါတယ်
ဆေးပေါလိပ်လေးခဲပြီး မကေနဲ့ကျွန်တော်နှစ်ယောက်သား Admin ပိုင်းတွေကိုမသင်ချင်ပါဘူးဆိုပြီး ဆရာ့ကိုဂျစ်တိုက်တာကို ကလေးတွေလိုချော့ပြီးသမီးတို့ကလည်းအဲ့ဒါတွေကသိရတယ်ဆိုပြီး အသေးစိတ်သင်ပေးခဲ့တာ ရုံးစာရေးတာကအစ SD ပုံကျရမယ်ဆိုပြီး လိုက်မလုပ်မချင်းနေ့တိုင်းသင်ပေးခဲ့တာတွေက အခုအချိန်မှာသူများတွေထက် ကျွန်တော်စနစ်ကျနေရတာပါ
ဒေါ်စိန်အေးသားကို အဲ့ဒီအချိန်မှာအသေကိုကြောက်သွားရတာပါ မကေကလည်းရဲမှူးသမီး အဲ့ဒီအချိန်သူ့အဖေကဇီးပင်ကြီးမှာသင်တန်းတက်နေရတာ မကေရဲ့ကောင်လေးက ဒေါ်စိန်အေးကျောင်းမှာဒုတိယနှစ်လားမသိဘူး ဒေါ်စိန်အေးသားတွေစူပါပလေးတယ်ဆိုတာ အဲ့ဒီအချိန်မှာသိသွားရတာ ရဲမှူးရဲ့တစ်ဦးတည်းသောသမီး သူကိုတိုင်ကလည်းပညာတက်ပြီး လူရည်လည်တဲ့ယူနီတက်နေတဲ့မိန်းကလေး လူငယ်သဘာဝချစ်ကြိုက်ကြတာ အဲ့ဒါတောင်မှဒေါ်စိန်အေးသားမှာက မကေအပါအဝင်ရည်းစားသုံးယောက် ရှိနေတာကြီးက မမိုက်ဘူးပေါ့ဗျာ
ဆောရီးဗျာ စာကတခြားရောက်သွားပေမယ့် ဒေါ်စိန်အေးကျောင်းဆင်းတွေအကြောင်း ဆက်ရေးလိုက်အုန်းမယ် ဒါတောင်သုံးလဆိုတဲ့ကာလလေးမှာ ကျွန်တော်သိခဲ့ရတာပါ အကုန်လုံးကိုဝါးလုံးနဲ့သိမ်းကြုံးရမ်းတာမဟုတ်ရပါဘူးဗျာ မိန်းမတစ်ယောက်ကိုရင်ဘက်နဲ့ချစ်ပေးနိုင်ပြီး ကိုယ်ပိုင်အရည်အချင်းနဲ့ဦးဆောင်ဦးရွက်ပြုနေတဲ့ အမျိုးသားကောင်းတွေလည်းရှိပါတယ်ဗျာ မကေကသူ့လစာရော သူ့အိမ်ကပေးတဲ့လစာထက်ပိုတဲ့မုန်ဘိုးကိုရော သူ့စီကိုအမြဲပို့ပေးနေတာပါ အဲ့ဒါတောင်ကြားထဲမှာလိုရင် လက်ဝတ်လက်စားတွေပါရောင်းပြီးပို့ပေးတာဗျ
ကျွန်တော့်လိုရန်ကုန်သူ ချစ်ကန်းမျိုးစိတ်တွေပေါ့ဗျာ ချစ်မိရင်အဲ့ဒီလူကလွဲရင် တလောကလုံးကိုမမြင်မိတော့တာပါ အဲ့ဒီလူကိုပဲရှိသမျှအကုန်ပုံအောပြီး ချစ်တက်တာဗျ ဒေသစွဲပါလိုက်အုန်းမယ်ဘယ်ဒေသရောက်ရောက် ဘယ်နိုင်ငံရောက်ရောက် ရန်ကုန်သူစစ်စစ်တွေက တကယ်ကိုချစ်ကန်းတွေများတယ်ဗျ ချစ်မိပြီဆိုရင်ဘာဆိုဘာမှကိုမျှ မမြင်ကြတော့ဘူးခင်ဗျ သူတို့ကိုချစ်တယ်ဆိုတဲ့ခံစားချက်လေးသာပြပေးလိုက် ရန်ကုန်ကနေဒလဘက်ကိုလာခဲ့ပါဆိုလိုက်တာနဲ့ ရေမကူးတက်တဲ့သူတောင်ရေကူးသွားမယ့်အမျိုးဗျ
ဆက်ရေးမယ်ဗျာ အဲ့လိုနဲ့မကေဒေါသပုန်ထလို့ ဒေါ်စိန်အေးသားကရန်ကုန်ကိုခိုးလာတယ် ချစ်သူသမီးရည်းစားသဘာဝစည်းကျော်သွားရော အဲ့မှာတင်မကေအမေကသိပြီး မကေအဖေရဲမှူးကနေတဆင့်မိဘချင်းစကားပြောပြီး လက်ထပ်လိုက်ကြပါလေရော ကျွန်တော်လည်းအလုပ်ထွက်လိုက်တော့ နောက်ဆက်တွဲကို မသိရတော့ဘူးဗျ
အဲ့ဒါပြီးတော့ အဖေကျေးဇူးနဲ့ မြန်မာ့အာမခံကိုရောက်သွားရပြန်ရော အလုပ်အတူတူဝင်တဲ့ကလေးက မြောက်ဒဂုံမှာနေတာသူ့အဖေကယာဥ်ထိန်းတပ်ဖွဲ့က သူ့ကောင်လေးကလည်းဒေါ်စိန်အေးသား ကလေးမလေးကငယ်ငယ်ချောချောလေး သူ့ကိုယ်လုံးကလည်မိန်းကလေးအချင်းချင်းတောင် ငေးယူရတယ်ဆံပင်ကလည်းအရှည်ကြီး ဒူးလောက်အထိရှည်တယ် ခေါင်းလျှော်လာတဲ့နေ့တွေဆို ဆံပင်ချထားတာများတကယ်ကိုလှတာပါဗျာ
သူ့ကိုလည်းဗကကတော်ဖြစ်မယ်ထင်ထားတာပါ သူကတော့ပြတ်သားတယ် သမီးအိမ်ကနောက်ခံအင်အားမရှိတော့ပွဲတက်မယားဖြစ်မှာမဟုတ်ဘူးတဲ့ ကျွန်တော်လည်းစင်ကာပူကိုထွက်သွားဖြစ်တာနဲ့ အဲ့ဒီ့ကလေးနဲ့အဆက်အသွယ်ပြတ်သွားရတယ် မလေးရှားကပြန်လာပြီး အာမခံကအစ်မတစ်ယောက်မင်္ဂလာဆောင်မှာပြန်တွေ့တော့ သူအိမ်ထောင်ကျသွားပြီဆိပ်ကမ်းကအရာရှိတစ်ယောက်နဲ့ ကလေးနှစ်ယောက်နဲ့မိသားစုဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပါ အဲ့ဒီ့ကလေးရွေးချယ်မှုမှန်ကန်တယ်လို့ ကျွန်တော်ထင်ပါတယ်။
၂၀၀၈ခုနှစ်မလေးရှားရောက်တော့ ဒေါ်စိန်အေးသားတွေနဲ့ဆုံရပြန်ပါရော မော်လမြိုင်ကဖြိုးတို့ညီအစ်မအငယ်နဲ့ဒေါ်စိန်အေးသားတွေကျတာ သူ့အစ်မကကုမ္ပဏီမှာစီနီယာအလုပ်လုပ်တာ တကယ်တော်တယ် ဂျူနီယာဖြိုးကတော့အလုပ်မတော်ပေမယ့် အဲ့ကလေးကဆရာကျတယ် ယောင်္ကျားကြမ်းကျေတယ် ရုရှကဗကနဲ့ငြိကျပါရော မိန်းမကြမ်းကျေတဲ့ဒေါ်စိန်အေးသားဆရာကြီးတွေနဲ့ ဆရာဆရာချင်းလယ်ဗယ်တူတွေတွေ့ကြတော့ ပွဲကလှပါတယ် ၂၀၁၂မှာမြန်မာပြည်ပြန်လာပြီး အဲ့ဒီဗကနဲ့လက်ထပ်လိုက်တာကိုသိလိုက်ရတယ်
မလေးမှာနေတုန်းက Internet ကို အချိန်အတော်များများသုံးဖြစ်ပါတယ် Gtalk မှာ chatting ထိုင်တယ် Fb မှာ chat တယ် အဲ့ကနေတဆင့် Empires and Allies ဆော့ဖြစ်တော့ စလုံးက Brother တွေ Seamen တွေ ရုရှားကဗကတွေနဲ့ Friend ဖြစ်ရော Game ဆော့တဲ့အချိန်ရင်းနှီးကြပေမယ့် ကျန်တဲ့အချိန် Gtalk မှာပါ မ Q ဖြစ်ကျပါဘူး
သူတို့လည်းသူတို့ Target နဲ့သူတို့ Q ကျသလို ကျွန်တော်လည်း MYMC က DJ တွေ Fb က ကလေးတွေနဲ့ပျော်မွေ့နေမိတဲ့ကာလပေါ့ဗျာ အဲ့ဒီ့ဗကတွေထဲက သဘောစိုးမိုးလွင် နဲ့ ဆရာကျတဲ့ဘုကလန့် နှစ်ယောက်ပဲနာမည်မှတ်မိတော့တယ် ကျန်တဲ့ဗကတွေကိုနာမည်တောင်မမှတ်မိတော့ပါဘူးဗျာ အဲ့ဒီ့တုန်းက Fb မှာ ဆရာကျပြီးနာမည်ကြီးတဲ့ ကလေးမတွေကို Friend အဖြစ်သိထားခဲ့တော့ အခုခေတ်မှာ Cele ဖြစ်တဲ့ နာမည်ကြီးကလေးမတွေဆိုတာ သူတို့လောက်အထာမကျသေးပါဘူးဗျာ
ဗကတွေနဲ့ Empires and Allies Game ဆော့ကျတော့ စကားပြောဖြစ်ကျတယ် Game ထဲမှာတော့ အတော်လေးရင်းနှီးကြတယ် Fb မှာလည်း contect ရှိတယ် မြန်မာပြည်ပြန်လာတော့ အဆက်အသွယ်မရှိတော့ကြတော့တာပါ။
ဒေါ်စိန်အေးသားတွေကို တကယ်ကိုကြောက်လို့ သတိထားနေခဲ့ပြီးကာမျှ ဒီအသက်အရွယ်ရောက်မျှ ဒေါ်စိန်အေးသားအကြီးကို သွားငြိမိခဲ့တာကိုက ကျွန်တော်ဘက်ကနေမှားခဲ့တာပါ
မျက်လုံးထဲမြင်အောင်ပြောပြရင်တော့ ဝိတ်တန်းမတူဘဲ လက်ဝှေ့စထိုးမယ့်အကောင်က Heavy Weight Champion ကြီးကို သူနဲ့ယှဥ်ထိုးနိုင်မလားဆိုပြီးတော့ သွားပြီးစိန်ခေါ်ခဲ့မိသလိုပါပဲဗျာ။
တနေ့က Video file ကို ဝင်ကြည့်မိတော့ ခင်ဗျားမျက်နှာလေးမြင်လိုက်ရတယ် သူလည်းအလုပ်ပင်ပန်းနေရှာတယ်ဆိုပြီး စိုးရိမ်မိသွားပြန်ရောဗျာ
ဒါပေမယ့်လည်း ကျွန်တော်ဘာတစ်ခုမျှ အားမထုတ်တော့ပါဘူးဗျာ
ကျွန်တော်အနည်ထိုင်ဖို့မပြောပါနဲ့ အသားကျဖို့အတွက်တောင် တအားကြီးကြိုးစားအားထုတ်နေရတာဖြစ်လို့ နောက်တစ်ကြိမ်လှုပ်ခတ်စေမယ့်အပြုအမူမျိုးကို ကျွန်တော်မပြုလုပ်တော့ပါဘူးဗျာ။


