မနေ့ညကအိပ်ခါနီး သီချင်းနားထောင်မိတယ် နားထောင်မိတာတော့ ၄၊၅ပုဒ်ပဲဗျ ဒါပေမယ့် Henry ရဲ့ It's You ကို နားထောင်ရင်းနဲ့ သဘောကျသွားတာ
သီချင်းတစ်ပုဒ်ကို တခြားခံစားချက်တစ်ခုခုမျှမပါဘဲ ဒီအတိုင်းသက်သက်သဘောကျရတာက တကယ်ကိုရိုးရှင်းပါတယ်ဗျာ သူ့စာသားထဲမှာလေနှင်ရာကိုမျောပါသွားရသလို မျောလွင့်ရတာလည်း feel တစ်မျိုးပဲဗျ
အဲ့သီချင်းပြီးဆုံးသွားတာနဲ့ အဲ့ဒီ့ခံစားချက်လည်း သူ့အလိုလိုရပ်တန့်သွားတာပါပဲ
ဒီညကျတော့ ခဏခဏနားထောင်မိပြန်ပါရော အဲ့ဒါနဲ့ post တင်ဖို့ Lyrics ကိုရှာမိတော့ တချိန်က လူတစ်ယောက်ကိုသဘောကျခဲ့မိလို့ Ali Gatie ရဲ့ It's You ကို post တင်ထားမိတာကို သတိရမိလိုက်တယ်
လူတစ်ယောက်ကို သဘောကျလို့ နာကျင်ခဲ့ရလို့ ငိုခဲ့ရလို့ စာတွေအများကြီးရေးခဲ့ဘူးပါတယ် ဒါပေမယ့် အခုတော့အကုန်လုံးအတိတ်တွေဖြစ်သွားခဲ့ပါပြီ
ကျွန်တော်ပြန်မလာတော့ဘူးဆိုတာ သေချာသွားပေမယ့် နောင်တဆိုတာတော့ တကယ်မရှိတော့ပါဘူး
လူတစ်ယောက်ကို တကယ့်ကိုသဘောကျခဲ့မိလို့ ရူးရူးမိုက်မိုက်ချစ်ခဲ့ဘူးတယ်
ကျွန်တော့်ကိုမလိုအပ်မှန်းသိရက်နဲ့ နာနာကျင်ကျင်ဖက်တွယ်ခဲ့ဘူးတယ်
အချိန်ကာလများစွာစောင့်မျှော်နေခဲ့ဘူးတယ်
အဲ့ဒီ့အချိန်ကာလတွေမှာ လူ့ကျင့်ဝတ်ကိုချိုးဖောက်နေခဲ့ပြီး ကျွန်တော်မှားယွင်းခဲ့တယ်ဆိုရင်တောင် ကျွန်တော်ကျေနပ်ပါတယ်
ကျွန်တော်လုပ်နိုင်တဲ့ အတိုင်းအတာထက်ကျော်လွန်ပြီး ကျွန်တော်လုပ်ခဲ့မိတာပါ
အခုအချိန်မှာတော့ သူနဲ့ကျွန်တော်နဲ့ဘယ်လိုမျှ မသက်ဆိုင်နိုင်တော့ဘူးဆိုတာကို တဖြေးဖြေးသိနားလည်လာလို့ အရာအားလုံးကို အရှိတရားအတိုင်းလက်ခံပေးထားလိုက်ပါပြီ
သေချာတာတစ်ခုကတော့ ဘယ်လိုနည်းနဲ့မျှ သူ့ကို ပတ်သက်ဆက်နွယ်ဖို့ ကျွန်တော်အားထုတ်မှာမဟုတ်တော့ပါဘူး သူနဲ့ပတ်သက်တဲ့အရာအားလုံးကို ခံစားချက်အားလုံးကို ကျွန်တော်ရပ်တန့်ထားခဲ့ပြီးပါပြီ
တနေ့နေ့တချိန်ချိန်တော့ အနည်ထိုင်သွားပြီး အရာအားလုံးအဆင်ပြေသွားလိမ့်မယ်ထင်ပါတယ်ဗျာ အခုအခါမှာတော့ နာကျင်ရတဲ့အချိန်တစ်ခုတော့ ကျွန်တော်ဖြတ်သန်းရမှာပေါ့ဗျာ
ရေစက်ကုန်လို့ အရာအားလုံးပြီးဆုံးသွားရတာပါ ကျွန်တော်ကိုယ်ကျွန်တော် ပြောမိတဲ့စကားလုံးလေးပါ
သူနဲ့ကျွန်တော် အစကတည်းကရေစက်ရှိလို့ တွေ့ဆုံခဲ့ရတာမဟုတ်တာကို ကျွန်တော်သိထားပေမယ့် ကျွန်တော့်ဘာသာနှစ်သိမ့်ပေးတာဖြစ်လို့ ရေစက်ဆိုတာကြီးကိုနှစ်သိမ့်ခိုင်းမိတာပါဗျာ
ကျွန်တော်ပြန်မလာတော့ပါဘူး။
ခင်ဗျားဖုန်းနံပါတ်လည်း ဖုန်းမှာမမှတ်ထားတော့တာကြာပါပြီ
ခင်ဗျား Viber မှာ ရှိ၊မရှိကို ဝင်မကြည့်မိတော့ပါဘူး
Telegram က contact လည်း ဒီနေ့ဖျက်ထားလိုက်ပါပြီ
ကျွန်တော်အလွတ်ရနေတဲ့ဖုန်းနံပါတ်လည်း တနေ့နေ့တချိန်ချိန်ရောက်ရင် မေ့သွားမှာပါ
ခင်ဗျားကိုတွေ့နေမြင်နေရရင် နောက်တစ်ကြိမ်ပြန်ပြီး ငြိတွယ်နေမိမှာစိုးရိမ်လို့ ကျွန်တော် fb လည်း မသုံးဖြစ်တော့ပါဘူး
ကျွန်တော် save ထားမိတဲ့ အမှတ်တရတချို့လည်း Gallery ထဲဝင်မကြည့်မိတာကြာပါပြီ တချိန်ကျရင် အကုန်လုံးဖျက်ပေးမှာပါ
ကျွန်တော်ကနည်းနည်းစာအုပ်ကြီးဆန်လို့ လူတစ်ယောက်ရဲ့ကျင့်ဝတ်ကို အလေးထားပါတယ်
အရင်တုန်းကတော့ အချိန်ကာလတစ်ခုရောက်ရင် ကျွန်တော်ပြန်ပြန်လာတက်လို့ ကျွန်တော်အလေးအနက်ပြောခဲ့ပါတယ် ကျွန်တော်တကယ်ကို ခင်ဗျားစီပြန်မလာတော့ပါဘူးဗျာ။
No comments:
Post a Comment