ဖေဖေါ်ဝါရီလ ၅ရက်နေ့ ၅လပိုင်းပြန်လာရမယ်ထင်၏ ဆိုတဲ့စကားကြောင့်အတော်လေး စိတ်လှုပ်ရှားခဲ့ရတာပါ ဝန်ခံရရင်တွေ့ချင်တဲ့ကျွန်တော့်စိတ်က တစ်ရာရာခိုင်နှုန်းထက် ပိုယုံပဲရှိပါမယ် ဒါပေမယ့်လည်း နင်ငြိတွယ်လို့မဖြစ်တော့ပါဘူးဆိုတဲ့စိတ်ကြောင့် ဟုတ်ကဲ့ ဆိုတဲ့စကားတစ်ခွန်းနဲ့တင် စကားမဆိုဖြစ်ခဲ့ကြပါဘူး
ဖေဖေါ်ဝါရီလလယ်မှာ online မှာမတွေ့ဘူးဆိုတဲ့ တခြားသူ post ကြောင့် စိတ်ပူရပြန်ရော အစစအရာရာဂရုစိုက်ပါဆိုတဲ့ စကားကိုဆိုခဲ့ချင်ပေမယ့် စာမပို့ခဲ့မိပါဘူး အနည်ထိုင်ဖို့ကိုအတင်းရောအကာရော ကျွန်တော်ကြိုးစားမိနေတာပါ
မမပြန်ရောက်လာလို့ ခေါင်းချအိပ်နိုင်ပြီဖြစ်လို့ ခင်ဗျားကိုအရမ်းသတိရမိတဲ့နေ့ဆို မိုးလင်းပေါက် online ဖြစ်နေတာကလွဲရင် ညသန်းခေါင်ကျော်တာနဲ့ line ပိတ်ပြီးတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်မိပါတယ် အဲ့ဒီတော့ မနေ့ကစာပို့ထားတာကို မသိလိုက်ရလို့ စကားမပြောဖြစ်ရပြန်ဘူး
မနက်မှာစာပို့ထားတာတွေ့တော့ အနည်ထိုင်ဖို့ကြိုးစားထားသမျှက ရေတစ်ပွက်စာတောင်မကြာပါဘူး အစစအရာရာဂရုစိုက်ပါဆိုတဲ့ စကားကိုဆိုမိပြန်ရော ခင်ဗျားခဏတာအားတဲ့အချိန်လေးမှာ နှစ်လကျော်သုံးလကျော်အချိန်ကာလအတွက် ကျွန်တော်ခမျာအလွမ်းသည်ချင်ပါတယ်ဆိုမှ မာတာမိခင်ရဲ့လော်ဆော်နေမှုကြောင့် တနေ့လုံး အလွမ်းမသည်ခဲ့ရပါဘူး
ချစ်တယ် ဒီလူတစ်ယောက်နဲ့ပဲ ဆယ်စုနှစ်တစ်ဝက်နီးပါးအချိန်တွေကုန်ဆုံးခဲ့ရပေမယ့် ခင်ဗျားကိုချစ်တဲ့ သဘောကျတဲ့ ဖက်တွယ်တဲ့ ကြိုက်တဲ့ လေးစားတဲ့ မိန်းမတစ်ယောက်ကနေ ယောကျ်ားတစ်ယောက်ကို မက်မောတွယ်တာမိတဲ့ စိတ်ကလေးက နည်းနည်းလေးမျှတောင် မလျော့ပါးသေးပါဘူးဗျာ
ရေစက်လို့ပဲပြောပြော ဝဋ်ကြွေးလို့ပဲဆိုဆို ကိုကိုလို့ ကျွန်တော်နာမ်စားသုံးနှုန်းထားတဲ့ အမျိုးသားတစ်ယောက်ကို ဒီအမျိုးသမီးကတော့ အကြိမ်ကြိမ်အဖန်ဖန် မက်မောတွယ်တာပြီးတော့ ဖက်တွယ်မိနေအုန်းမှာပါ။
#27th February 2025

No comments:
Post a Comment