ကျောက်မြောင်းစရောက်တော့ ၉တန်းကျောင်းသူဘဝ အထက၃တာမွေမှာ ကျောင်းစတက်ရတယ် ၃၉ဗိုက်ပူစီးပြီးကျောင်းတက်ရတာ တကယ်ကိုပျော်စရာကောင်းခဲ့ပါတယ်
ကျောက်မြောင်းရောက်ပြီး ၃နှစ်ကျော်တော့ အိမ်စီးပွားရေးမပြေလည်လို့ ကျိုက္ကဆံလမ်းကတိုက်ခန်းလေး ရောင်းလိုက်ရတယ် အဲ့ထဲက အိမ်ငှားနေရတဲ့ဘဝကို ပထမဆုံးရောက်ခဲ့တာပါ
သတိပဌာန်လမ်းကနေ အိမ်ငှားခတွေစျေးတက်လာလို့ Third year တက်ရတဲ့အချိန် လှိုင်မြို့နယ် ဦးဖိုးမှန်လမ်း ဝပ်ရှော့အလုပ်ရုံရဲ့ အပေါ်ထပ်မှာငှားနေရတာက ဘဝမှာ အနိမ့်ပါးဆုံးအချိန်ပါ ပေ၂၀ပတ်လည် အခန်းကျည်းကျည်းလေးမှာ လသားအရွယ်တူမသေးသေးလေးအပါအဝင် မိသားစုခြောက်ယောက်နေခဲ့ရတာပါ ဒါပေမယ့်ဘုရားကစောင့်ရှောက်ပေးတော့ MK မှာ ကျွန်တော့်အလုပ်လုပ်နေတာဖြစ်လို့ မိသားစုစားဝတ်နေရေးအတွက်အခုအချိန်လိုမပူပင်ခဲ့ရဘူးပေါ့ဗျာ
ဦးဖိုးမှန်မှာ ၁နှစ်ကျော်နေခဲ့ရပြီးကျန်တဲ့ ၉နှစ်ကကျောက်မြောင်းထဲမှာပဲ ငှားနေခဲ့ရတာပါ သတိပဌာန်လမ်း ကျောက်မြောင်းလမ်း သြဘာလမ်း ၁၄၆လမ်း ကျားကွက်သစ်လမ်း ဓမ္မစိန္တလမ်း ကျောက်မြောင်းတစ်ခွင်နေရာစုံပါပဲ
အခုအိမ်လေးကသုံးလေးလ အချိန်ပေးပြီးရောင်းရင် ငွေကျပ်သိန်း၁၄၀၀ ဝန်းကျင်ရနိုင်ပေမယ့် အချိန်ပေးမရောင်းနိုင်တော့ ငွေကျပ်၁၂၆၅သိန်း ပဲရပါတယ် ကျွန်တော်တို့အတွက် ငွေလိုအပ်နေတဲ့အချိန်ဖြစ်လို့ တိုက်ခန်းဝယ်ယူပေးတဲ့ ဘာသာခြားညီမလေးတို့လင်မယားကိုလည်း တကယ်ကိုကျေးဇူးအများကြီးတင်ရပါတယ် သူတို့နဲ့ထိုက်တန်လို့သာ ပွဲစားမပါဘဲတိုက်ရိုက်အရောင်းအဝယ်ဖြစ်သွားရတာပါ
အဲ့ဒီညီမလေးတို့လင်မယားကို တကယ်လည်းအားကျမိပါတယ် အသက်၃၅နှစ်အရွယ်မှာ ယုဇနပလာဇာလိုနေရာမျိုးမှာ ကိုယ်ပိုင်ဆိုင်ခန်း သြဘာလမ်းလိုနေရာမှာ ကိုယ်ပိုင်တိုက်ခန်း လုပ်ငန်းသုံးကားပိုင်ဆိုင်တယ်ဆိုတာ ဘာသာမတူပေမယ့် သူတို့ကျိုးစားမှုအတွက် ဘုရားပေးတဲ့ဆုပါပဲဗျာ
ဆောက်ဖြစ်မှ ကျောင်းဒကာဆိုပေမယ့် လက်ထဲကိုငွေမရောက်သေးပေမယ့် အိမ်ရောင်းရမယ့်ငွေကို ပေးရန်ရှိတွေပုံလိုက်တော့ ကျန်ငွေကသိန်း၁၀၀၀ မပြည့်တော့ပါဘူး ရန်ကုန်မြို့မှာငွေကျပ်သိန်း၁၀၀၀နဲ့ အိမ်ပြန်ဝယ်နိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး မြောက်ဥက္ကလာပက ဦးလေးအငယ်အိမ်မှာယာယီနေရမှာပါ ရန်ကုန်မြို့မှာစားစရာမရှိရင် ရှိတာလေးချိုးခြံချွေတာစားလို့ရပေမယ့် နေစရာမရှိရင်မလွယ်ကူတာဖြစ်လို့ နေဖြစ်ယုံအိမ်လေးတစ်လုံးကိုတော့မဖြစ်ဖြစ်အောင်ပြန်ဝယ်ရမှာပါ
ကျွန်တော့်ကိုယ်ကျွန်တော် လိုအင်ဆန္ဒတွေလျော့နည်းသွားပြီလို့ လက်ခံထားပေမယ့် အိမ်လေးရောင်းလိုက်ရလို့ ဝမ်းနည်းရတဲ့ခံစားမှုကတော့ လိုအင်ဆန္ဒလို့သတ်မှတ်ရင် တပ်မက်မှုတွေမလျော့နည်းသေးဘူးဆိုတာ ဝန်ခံပါတယ်ဗျာ။
4th February 2025.
10:03 PM
















No comments:
Post a Comment