ပစ္စလက္ခနိုင်တဲ့ ကောင်းကင်


ပစ္စလက္ခနိုင်တဲ့ ကောင်းကင်





တိမ်တွေကိုတွဲလဲ ဖြန့်ခင်းထားတဲ့ကောင်းကင်မှာ

ရေမညှစ်ရသေးတဲ့ သက်တန့်တွေအစီအရီပွင့်

လေညှင်းကဆံပင်တွေကို ဖွဖွလေးဖြီးသင်ချနေတဲ့ဘီး

ကြယ်အမှုန်အမွှားတွေက မင်းပါးပြင်ထက်မှာငြိတွယ်



ငါတို့တွေဖက်တွယ်ခဲ့ကြပုံက

ကမ္ဘာဦးလူသားတွေအတိုင်း

အလင်းလွန်အမြန်နှုန်းအတိုင်း

အတင်းတိုးဝှေ့ရောက်ရှိအောင်သွားခဲ့ကြ



အာရုံခံကိရိယာတွေထဲ အတိုင်းအဆမသိတဲ့

နှုးညံ့မှုတွေ ဖြတ်သန်းဝင်ရောက်လာခဲ့ကြ

မိန်းမောမူးယစ် လေဟာနယ်ထဲမှာ 

လွင့်မျောသွားလိုက်ပုံက

အထိန်းကွပ်မဲ့စွန်တွေလို ..



ကြားခံကွက်လပ်တွေ ဖြည့်စွတ်စရာမရှိတဲ့အထိအောင်

အပို     အလို     မရှိ     ကွက်တိ 

ပင့်သက်များ မချနိုင်မချီနိုင်တော့တဲ့ အထိ

သွေးကြောများပြေလျှော့ နှုန်းခွေ ပျော့ကျသွားတဲ့ အထိ



ညစ်နွမ်းဖွယ် အလင်းပွင့်ရောင်စုံကြားထဲ

မျက်တောင် မခတ်တမ်းစိုက်ကြည့်ရင်း

မင်းနဲ့ ငါနဲ့ ကြားထဲက

ကောင်းခန်းတွေကြီးပဲ ပါတဲ့ အဲ့ဒီဇတ်လမ်းကို

နေ့စဉ်ရက်ဆက်  မငြီးငွေ့တမ်းရိုက်ချင်တယ် . . . ။



***မောင်ဖုန်းမြင့် blog ကနေ share ထားတာပါ။ ***

No comments: