မောင်စိန်ဝင်းကဗျာများ။

ချစ်သူ။
မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကိုသတိရသည့်အခါ
တိမ်များကိုမြင်နေရပါသည်။


အလွန်ဝေးကွာသည့်အရပ်သို့ရောက်နေပါလျက် ပင်လယ်ပြာကိုစဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကိုကြားယောင်နေတတ်ပါသည်။


အခန်းကျဉ်းထဲမှာအိပ်နေပါလျက်
ဥယျာဉ်ထဲသို့စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကိုခံစားရရှိနေတတ်ပြန်သည်။


သေဆုံးသည်အထိ
မှတ်မိကျွမ်း၀င်သွားစေမည့်အရာမှာ
(ငါ့) ချစ်သူသာဖြစ်ပါ၏။ ။





နွယ်အရိပ်။
တွယ်မှာစိုးလို့
နွယ်ကြိုးညွန့်သစ်မပတ်ရစ်အောင်
ဖြတ်ပစ်ခဲ့ရတော့မှာလား....။


လိုက်မှာစိုးလို့
နှစ်ကိုယ့်တစ်စိတ်ကိုယ့်အရိပ်နဲ့ခွဲ
အမှောင်ထဲမှာရှောင်လွဲရတော့မှာလား...။


ဖြတ်မရတဲ့နွယ်
သတ်မရတဲ့နွယ်
ဖယ်မဖြစ်တဲ့အရိပ်
တွယ်ရစ်တဲ့အရိပ်


တကယ်ချစ်တဲ့စိတ်ကြောင့်လား
နှလုံးသားမှာအနာတရနဲ့
ထာဝရရောက်ရောက်လာတာ
သြော်.....
ကာလဘယ်လောက်ကြာကြာ...။




ထာဝရ။
ပွင့်လျှင်လည်းနမ်း
နွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်း
တိမ်းညွတ်တွယ်မက်
သည်တသက်မှာ
တပွင့်သာလေ
စွဲလမ်းနေမည်
ဝေဝေကြွေကြွေမြတ်နိုး၏ ။


မောင်စိန်ဝင်း။

No comments: